
MT News
၂.၄. ၂၀၂၅
မတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅၁ မိနစ် ၂ စက္ကန့်မှာ လှုပ်ခတ်တဲ့ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ နေပြည်တော်က ဟိုတယ်အေးချမ်းသာအောက်မှာ ၁၂၁ နာရီကျော်ကြာ ပိတ်မိနေသူကို ဒီနေ့လယ်မှာ အသက်ရှင်လျက် ထပ်မံကယ်ဆယ်နိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။


ငလျင်လှုပ်ခတ်ခဲ့ပြီး ၅ ရက်မြောက်နေ့ဖြစ်တဲ့ ဒီနေ့မနက်မှာ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်မှာရှိတဲ့ ဟိုတယ်အေးချမ်းသာ(၆)ထပ်အဆောက်အဦ အောက်ဆုံး(၂)ထပ် ပြိုကျလို့ ပိတ်မိနေသူ(၂)ဦးထဲက အမျိုးသား(၁)ဦးကို အသက်ရှင်လျက်သား ပုံရိပ်ရှာစက်က တွေ့ရှိခဲ့တာကြောင့် ဧပြီ ၁ ရက် နေ့လယ် ၃ နာရီကစ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တူရကီနိုင်ငံက GEA Search and rescue အဖွဲ့ဝင်တွေ ပူးပေါင်းပြီး ရှာဖွေခဲ့ရာမှာ ဧပြီ ၂ ရက်ကူးစ ည သန်းခေါင် ၁၂ နာရီခွဲမှာ အသက် ၂၆ နှစ်အရွယ်သာ ရှိသေးတဲ့ ဟိုတယ်အေးချမ်းသာရဲ့ ပြင်/ထိန်းဝန်ထမ်း ကိုနိုင်လင်းထွန်းကို အသက်ရှင်လျက်သား ကယ်ဆယ်နိုင်ခဲ့တာပါ။
အဲဒီနောက် ကျန်ရှိတဲ့တစ်ဦးကို ဆက်လက် ရှာဖွေရာမှာ ဒီမွန်းလွဲ ၁ နာရီ ၅၅ မိနစ်မှာ ကိုထက်မောင်မောင်ဆိုသူ အမျိုးသားတစ်ဦးကို ထပ်မံကယ်တင်နိုင်ခဲ့ပြီး သူဟာ နာရီပေါင်း ၁၂၁ နာရီကျော်ကြာ ပိတ်မိခဲ့သူပါ။
မနေ့ကလည်း နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တိုက်အမှတ် ၃၃၆၉ က အသက် (၆၃)နှစ်ခန့်အရွယ် နိုင်ငံခြားရေးဝန်ကြီး ဌာနက ဝန်ထမ်းတစ်ဦးရဲ့ ယောက္ခမတော်စပ်သူ ကျန်းမာရေးဝန်ကြီးဌာနက ဌာနခွဲစာရေးကြီး (အငြိမ်းစား) ဒေါ်စန်းစန်းထွေးကို ငလျင်စတင်လှုပ်ခတ်ပြီး ၉၁ နာရီအကြာ ဧပြီ ၁ ရက် နံနက် ၉ နာရီ ၁၅ မိနစ်မှာ ကယ်တင်နိုင်ခဲ့ပါသေးတယ်။