
နိုင်ငံပေါင်း ၁၅ နိုင်ငံမှ လေယာဉ် ၅၃ စီးဖြင့် ကယ်ဆယ်ရေးဝန်ထမ်း ၁,၅၁၉ ဦး၊ ထောက်ပံ့ရေးပစ္စည်း ၃၅၄ တန်ကျော်နှင့် ကယ်ဆယ်ရေးပစ္စည်း ၄၉၅ တန်ကျော် မြန်မာနိုင်ငံသို့ ရောက်ရှိပြီးဖြစ်
၂. ၄. ၂၀၂၅
Written by Nyein Kyaw
မြေငလျင်ဒဏ်နှင့်ပတ်သက်ပြီး အစိုးရ၊ ပြည်သူ၊ လူမှုအဖွဲ့အစည်း၊ နိုင်ငံတကာ အကူအညီများနှင့် အကောင်းဆုံးဖြစ်အောင် ပြန်လည်ထူထောင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။
“ပြည်ဖျက်မီဒီယာတွေ၊ နိုင်ငံရေးအမြတ်ထုတ်လိုတဲ့ အဖွဲ့အစည်းတွေရဲ့ ကောလာဟလ သတင်းထုတ်လွှင့်ချက်တွေကို အထူးဂရုစိုက်ဖို့လည်း ပြောကြားလိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သဘာဝဘေးဒဏ်ကို အစိုးရ၊ ပြည်သူ၊ လူမှုအဖွဲ့အစည်းတွေ နိုင်ငံတကာအကူအညီတွေနဲ့ အကောင်းဆုံးဖြစ်အောင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
လက်ရှိအချိန်အထိ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ယူအေအီး၊ လာအို၊ ဘီလာရုစ်၊ အင်ဒိုနီးရှား၊ ဘူတန်၊ ဖိလစ်ပိုင်၊ ဂျပန်၊ တရုတ်(ဟောင်ကောင်)၊ စသည့်နိုင်ငံ ၁၅ နိုင်ငံ၏ လေကြောင်းမှ ကူညီထောက်ပံ့မှု လေယာဉ် ၅၃ စီး ရောက်ရှိပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၁၅၁၉ ဦး ရောက်ရှိပြီး မြန်မာနိုင်ငံတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီးဖြစ်ကြောင်းနှင့် ထောက်ပံ့ရေးပစ္စည်းများ တန်ချိန် ၃၅၄ တန်ကျော်နှင့် ကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၄၉၅ တန်ကျော်ရောက်ရှိပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ကုန်းလမ်းနှင့် ရေလမ်းကြောင်းတို့မှ ဝင်ရောက်မှုအနေဖြင့် ကုန်လမ်းကြောင်းမှ တရုတ်နိုင်ငံမှ Blue Sky ကူညီကယ်ဆယ်ရေးအဖွဲ့က ကား ၆ စီးနှင့် မန္တလေးသို့ ရောက်ရှိနေပြီး အိန္ဒိယနိုင်ငံအနေဖြင့် ရေလမ်းကြောင်းမှ သင်္ဘော ၂ စင်း စေလွှတ်ပြီး ကူညီထောက်ပံ့ရေးပစ္စည်းများ ဆောင်ရွက်လျက်ရှိသည်။






