
၂. ၄. ၂၀၂၅
Written by Nay Moe
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဧပြီတစ်လလုံး တစ်ဖက်သတ်အပစ်ရပ်မယ်လို့ တရုတ်ကိုးကန့်လက်နက်ကိုင် MNDAA ၊ တအာန်းလက်နက်ကိုင် TNLA နဲ့ ရခိုင်လက်နက်ကိုင် AA တို့ မနေ့ကတင် ကြေညာခဲ့ပေမဲ့ အကြမ်းဖက်လက်နက်ကိုင်တို့ရဲ့ သစ္စာမဲ့မှု၊ ကတိမတည်မှုထုံးစံအတိုင်း ဒီနေ့မနက်မှာတော့ ရခိုင်လက်နက်ကိုင် AA ဟာ တပ်မတော်ရဲ့ ညောင်ကျိုးစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
ပြီးခဲ့တဲ့ နှစ်ပိုင်းထဲမှာ မြောက်ပိုင်းသုံးဖွဲ့ထဲကပဲ MNDAA ဟာ တရုတ်နိုင်ငံရဲ့ တောင်းဆိုချက်အရ လားရှိုးကို အပစ်ရပ်မယ်လို့ တိုင်းသိပြည်သိ တရုတ်နိုင်ငံသိအောင် ကြေညာစာထုတ်ခဲ့ပေမဲ့ ကတိမတည်ဘဲ လားရှိုးကို ဝင်ရောက်သိမ်းပိုက်တိုက်ခိုက်မှုမှာ လားရှိုးက တပ်မတော်ဆေးရုံက လူနဲ့ ဆေးတပ်က တပ်မတော်သားရာချီ သေဆုံး အဖမ်းခံခဲ့ရတဲ့ သစ္စာမဲ့ ကတိမတည်မှု ပြယုဂ်အထင်ကရရှိခဲ့ပါတယ်။
လက်ရှိဖြစ်စဥ်မှာလည်း အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရဆဲ ရခိုင်လက်နက်ကိုင် AA ဟာ MNDAA လိုမျိုးပဲ သစ္စာမဲ့ ကတိမတည် ကိုယ်ထုတ်ထားတဲ့ အပစ်ရပ်စာ ကိုယ်တိုင်ဖောက်ဖျက်ပြီး ၂၄ နာရီမပြည့်ခင်မှာတင် ညောင်ကျိုးစခန်းကို သာလွန်အင်အားနဲ့ အလစ်အငိုက်ယူ ဝင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလထဲကစပြီး တောင်ကုတ် – ပန်းတောင်းလမ်းပိုင်း၊ ဥသျှစ်ပင်မြို့အနီးက ညောင်ကျိုးစခန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စခန်းကို မသိမ်းနိုင်ဖြစ်နေတာကြောင့် မတ်လ ဒုတိယအပတ်ထဲမှာ သိမ်းနိုင်ပြီဖြစ်ကြောင်း လိမ်လည်ဝါဒဖြန့်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အမှန်တကယ်သိမ်းနိုင်စွမ်းမရှိကြောင်း သတင်းမှန်တွေထွက်လာအပြီးမှ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့က တစ်ကြိတ်တည်း တစ်ဉာဏ်တည်းသဘောနဲ့ ငလျင်အကြောင်းပြ တစ်လတာ တစ်ဖက်သတ် အပစ်ရပ်မယ် အယုံသွင်းထုတ်ပြန်ပြီးမှ ထုတ်ပြန်ချက် ၂၄ နာရီမပြည့်ခင် ညောင်ကျိုးစခန်းကို ဝင်တိုက်နေတာလည်း ဖြစ်ပါတယ်။