
၂. ၄. ၂၀၂၅
Written by Nyein Kyaw
မြေငလျင်ကြောင့် ပျက်စီးသွားသော ရုံးနှင့်လူနေအဆောက်အဦများကို ခေတ်မီစမ်းသပ်ကိရိယာများဖြင့် စစ်ဆေးပြီး သာမန်နှင့်အကြီးစား ပြင်ဆင်ရမည့် အဆောက်အဦ၊ ဖယ်ရှားရှင်းလင်းရမည့် အန္တရာယ်ရှိအဆောက်အဦများအဖြစ် ခွဲခြားသတ်မှတ်နိုင်ရေး စစ်ဆေးရေးအဖွဲ့ဖြင့် နေပြည်တော်တွင် စတင်ဆောင်ရွက်နေကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။


၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့် မြေငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ရုံးအဆောက်အဦများ၊ လူနေအဆောက်အဦများနှင့် အခြားပျက်စီးမှုများကို ဘေးအန္တရာယ်နှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် ပညာရပ်ဆိုင်ရာ စစ်ဆေးရေး အထောက်အကူပြုအဖွဲ့အား ဒေသအလိုက် ဖွဲ့စည်းထားရှိပြီးဖြစ်သည်။
၎င်းအဖွဲ့သည် ပျက်စီးသွားသော အဆောက်အအုံများအား ခေတ်မီစမ်းသပ်ကိရိယာများဖြင့် စစ်ဆေး၍ သာမန်ပြင်ဆင်နိုင်သည့် အဆောက်အဦ၊ အကြီးစားပြင်ဆင်ရမည့် အဆောက်အဦနှင့် ပြုပြင်၍မရ ဖယ်ရှားရှင်းလင်းရမည့် အန္တရာယ်ရှိအဆောက်အဦများအဖြစ် ခွဲခြားသတ်မှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။



ထို့အပြင် ငလျင်ကြောင့် ဖြစ်ပေါ်ခဲ့သော ပျက်စီးမှုများအား မှတ်တမ်းတင်ခြင်း၊ ညှိနှိုင်းသုံးသပ်ခြင်းနှင့် နောင်တွင် ဆောင်ရွက်ရမည့် နည်းလမ်းများ ဖော်ထုတ်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရေးအဖွဲ့တွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ပညာရှင်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်မှ ပညာရှင်များ၊ အထပ်မြင့်နှင့် အများပြည်သူသုံးအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့မှ ပညာရှင်များ၊ မြန်မာနိုင်ငံ ငလျင်ကော်မတီမှ ပညာရှင်များ၊ အထူးလုပ်ငန်းကော်မတီမှ ပညာရှင်များပါဝင်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာများနှင့်အတူ နေပြည်တော်တွင် စတင်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းနှင့် ငလျင်ဒဏ်ခံရသည့် တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။