
၂. ၄. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံအတွင်း မြေငလျင်ဘေးဒဏ်ခံစားနေရသဖြင့် မြန်မာနေရှင်နယ်လိဂ် (MNL) အပါအဝင် ပြိုင်ပွဲကျင်းပမှုနှင့် ဘောလုံးလှုပ်ရှားမှုများ ယာယီရပ်နားထားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) က ယမန်နေ့တွင် အသိပေးကြေညာထားသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) မှ ကျင်းပလျက်ရှိသည့် MNL အမျိုးသား၊ အမျိုးသမီးလိဂ်ပြိုင်ပွဲများ၊ Futsal လိဂ်ပြိုင်ပွဲများ၊ သက်တမ်းအလိုက် ပြိုင်ပွဲများနှင့် နွေရာသီ လူငယ်ဘောလုံးသင်တန်းများ၊ ဘောလုံးလှုပ်ရှားမှုများအား ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ငလျင်ဒဏ်ကြောင့် အထက်မြန်မာပြည်နှင့် ရှမ်းပြည်နယ်မြို့ကြီးများတွင် လူနှင့် အဆောက်အဦးများ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများ ကြုံတွေ့ခံစားလျက်ရှိရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဘောလုံးမိသားစုဝင်များအနေဖြင့်လည်း ပြန်လည် ထူထောင်ရေး၊ ကူညီလှူဒါန်းရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
ပြိုင်ပွဲများနှင့် လူငယ်သင်တန်းများ ပြန်လည် စတင်မည့် နေ့ရက်အချိန်ကို ပြန်လည် သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ထို့ပြင် ငလျင်ဘေးဒဏ်ကြောင့် အသက်အိုးအိမ် ဆုံးရှုံးခဲ့ရသည့် ဒေသခံမြန်မာပြည်သူများအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌတို့အပြင် ဗီယက်နမ်၊ ဘင်္ဂလားဒေရှ့်၊ ထိုင်း၊ အင်ဒိုနီးရှား၊ နီပေါ၊ မြောက်မာရီယားနား နိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌများက ဝမ်းနည်းခြင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ဖျက်အားပြင်းမြေငလျင် စတင်လှုပ်ခတ်သည့် မတ်လ ၂၈ မှ ဧပြီ ၁ ရက်(ယမန်နေ့) နံနက် ၈ နာရီအချိန်အထိ ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့ရသူ ၂,၇၁၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄,၅၂၁ ဦး၊ ပျောက်ဆုံးနေသူ ၄၄၁ ဦးအထိရှိလာခဲ့သည်။



