၂၁.၁.၂၀၂၃
Written by Nay Aung
အမေရိကန်နိုင်ငံအနေဖြင့် မြန်မာ့နိုင်ငံရေးပြဿနာများကိုဖြေရှင်းနိုင်ရန် ထိုင်းနိုင်ငံနှင့် အတူတကွ ကြိုးပမ်းလျက်ရှိနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တီုနီဘလင်ကန်၏ အကြီးတန်းအကြံပေးတစ်ဦးဖြစ်သူ ဒဲရက်ချိုလက်က ထုတ်ဖော်ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန်အစိုးရသည် နစကကို ပစ်မှတ်ထားပိတ်ဆို့မှုများချမှတ်ခဲ့ပြီး အတိုက်အခံအုပ်စုများကို ကူညီထောက်ပံ့ပေးမှုများ လုပ်ဆောင်လျက်ရှိနေသည်။
၎င်းက “ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ရှည်လျားတဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံဖြစ်တယ်။ ဒါကြောင့် ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံမှာ ပြည်တွင်းမတည်ငြိမ်မှုကြောင့် ဖြစ်လာမယ့်သက်ရောက်မှုတွေကို စိုးရိမ်နေတယ်။ ကျွန်တော်တို့အတွက်တော့ ထိုင်းနိုင်ငံဟာ နှစ်ပေါင်းများစွာကြာ အရေးကြီးတဲ့မိတ်ဖက်အဖြစ် ရှိနေသလို မြန်မာနိုင်ငံရဲ့ ဒုက္ခသည်ပြဿနာများနဲ့ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းနေတယ်။ လက်ရှိအချိန်မှာ အမေရိကန်နဲ့ထိုင်းနိုင်ငံဟာ အလွန်နီးကပ်တဲ့ မိတ်ဖက်နိုင်ငံအဖြစ် ရှိနေတယ်။ ထိုင်းနိုင်ငံဟာ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံလည်း ဖြစ်တယ်။ ထိုင်းနိုင်ငံဟာ အာဆီယံအဖွဲ့အတွင်းမှာအဓိကမိတ်ဖက်နိုင်ငံဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ မြန်မာပြည်တွင်းမှာဖြစ်နေတဲ့ အခက်အခဲပြသာနာတွေကို ဖြေရှင်းနိုင်ဖို့ ထိုင်းနဲ့အတူတကွ ကြိုးပမ်းနေတယ်။ ဒါ့အပြင် မြန်မာ့နိုင်ငံရေးပြဿနာနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့အတွင်းက မိတ်ဖက်နိုင်ငံတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်တာမျိုးတွေရှိပါတယ်။ မြန်မာနိုင်ငံမှာ အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပြီးခဲ့တဲ့နှစ်တွေအတွင်း အာဆီယံအဖွဲ့အတွင်း စုစည်းညီညွတ်မှုတွေကို တွေ့မြင်ခဲ့ရသလို ခိုင်မာတဲ့ ညီညွတ်မှုတွေကို ဆက်ထိန်းဖို့ကြိုးပမ်းနေခဲ့တယ်။ ဒါ့အပြင် ဗြိတိန်၊ သြစတြေးလျ၊ အမေရိကန်နိုင်ငံတွေလိုမျိုး မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးရရှိစေဖို့ စိတ်ဝင်စားတဲ့ အခြားနိုင်ငံတွေနဲ့ အာဆီယံအဖွဲ့ကြား စုစည်းညီညွတ်မှုတွေတည်ဆောက်နိုင်ခဲ့တယ် ” ဟုဆိုသည်။
အမေရိကန်နိုင်ငံသည် ၂၀၁၇ ခုနှစ်နောက်ပိုင်းကတည်းက မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပြင် ပဋိပက္ခဒဏ်ခံစားနေရသော အခြားနေရာများကို အမေရိကန်ဒေါ်လာ ၂ဘီလျံနီးပါး ကူညီပေးခဲ့ကြောင်း ဒဲရက်ချိုလက်က ပြောသည်။
အမေရိကန်နိုင်ငံအနေဖြင့် မြန်မာပြည်သူများနှင့် ဒီမိုကရေစီလိုလားသော အတိုက်အခံအုပ်စုများကို ထောက်ပံ့ပေးနိုင်မည့် နည်းလမ်းများကို ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိနေကြောင်း ယင်းကပြောသည်။
ref VOA english