
၁.၄.၂၀၂၅
Translated by Htwe Ko Tun
ဖိလစ်ပိုင်နိုင်ငံက ငလျင်ဒဏ်ဆိုးဝါးစွာခံခဲ့ရတဲ့ မြန်မာနိုင်ငံကို ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ကူညီဆောင်ရွက်ဖို့အတွက် လူ ၉၁ ယောက်ပါတဲ့အဖွဲ့တစ်ဖွဲ့ကို ဧပြီလ ၁ ရက်မှာ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။
“C-130 လေယာဉ်ကြီးနှစ်စင်းဟာ အဖွဲ့ဝင် ၅၈ ဦးကို သယ်ဆောင်ပြီး မြန်မာနိုင်ငံမှာ နှစ်ပတ်ကြာတာဝန် ထမ်းဆောင်ဖို့ ထွက်သွားကြပါပြီ။ ကျန်အဖွဲ့ဝင် ၃၃ ဦးကိုလည်း C-130 လေယာဉ်တစ်စီးနဲ့ ဧပြီလ ၂ ရက်မှာ ထပ်မံပို့ဆောင်မှာပါ”လို့ ဖိလစ်ပိုင်လေတပ်က ကြေညာချက်ထုတ်ခဲ့ပါတယ်။
ရှာဖွေရေးနဲ့ကယ်ဆယ်ရေးအဖွဲ့မှာ မရှိမဖြစ်လိုအပ်မယ့် ရှာဖွေရေးနဲ့ကယ်ဆယ်ရေးကိရိယာတွေအပြင် ဆေးဝါးအထောက်အပံ့တွေလည်း သယ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဒီ အဖွဲ့ဝင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ဆေးဝါးအထောက်အပံ့ပေးဖို့တွေအပြင် အရေးကြီးတဲ့ အထောက်အပံ့ပစ္စည်းတွေ ဖြန့်ဝေပေးကြဖို့လည်း အဆင်သင့်ရှိမှာပါလို့ ကြေညာချက်က ဆိုခဲ့ပါတယ်။ ဒီအဖွဲ့မှာ အဖွဲ့ဝင် ၄၀ ကတော့ ဖိလစ်ပိုင်လေတပ်က ဖြစ်ကြတယ်လို့လည်း သိရပါတယ်။
မတ်လ ၂၈ ရက်က မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုလှုပ်ခတ်သွားခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ မဂ္ဂနီကျူ့ ရှိငလျင်ကြောင့် သေဆုံးသူဦးရေ ၂၀၅၆ ဦးအထိတိုးမြင့်လာပြီး ၃၉၀၀ ခန့် ဒဏ်ရာရခဲ့ကာ ၂၇၀ နီးပါး ပျောက်ဆုံးနေတယ်လို့ မြန်မာအာဏာပိုင်တွေက မတ်လ ၃၁ ရက်က ပြောခဲ့ကြပါတယ်။
Ref- Xinhua