
MT News
၃၁.၃. ၂၀၂၅
ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ကမ္ဘောဇဘဏ်တို့မှ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ပံ့ပိုးပေးနိုင်ရန်အတွက် မြန်မာကျပ်ငွေ ၁၅ ဘီလျံကို ကနဦး ထောက်ပံ့ကူညီလှူဒါန်းသွားမည်ဖြစ်ပြီး အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပထမ ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက် နေ့လယ်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်ကြောင့် မြန်မာနိုင်ငံ နေရာဒေသအသီးသီးမှ မိသားစုဝင်များ၊ အသက်အိုးအိမ်စည်းစိမ်များ၊ မြန်မာ့အမွေအနှစ်အဆောက်အဦများ စသည့် ဆုံးရှုံးမှုများစွာ ကြုံတွေ့ခံစားခဲ့ရသည့်အတွက် မိသားစုများအားလုံးနှင့်ထပ်တူ စာနာဝမ်းနည်းရကြောင်းနှင့် ယင်း သဘာဝငလျင်ဘေးအန္တရာယ်ကြုံတွေ့မှုကြောင့် အကူအညီလိုအပ်နေသူများအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ကမ္ဘောဇဘဏ်အနေဖြင့် အချိန်နှင့် တစ်ပြေးညီ အမြန်ဆုံးနှင့် ထိရောက်စွာ ဆောင်ရွက်လျက်ရှိသည်ကြောင်းလည်း ကမ္ဘောဇဘဏ်က ထုတ်ပြန်သည်။

ထို့ပြင် ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ကမ္ဘောဇဘဏ်တို့မှ ကူညီထောက်ပံ့လှူဒါန်းသွားမည့် ကျပ်ငွေ (၁၅) ဘီလျံအား (၁) ချက်ချင်းကယ်ဆယ်ရေးတွင် အသက်များကိုကယ်တင်ရန်နှင့် အခြေခံအဆောက်အဦများကို ပြန်လည်တည်ဆောက်ရန်နှင့် အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်လျက်ရှိသော ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ အရေးပေါ်တုံ့ပြန်သူများနှင့် ဒေသတွင်း ကယ်ဆယ်ရေးအဖွဲ့အစည်းများကို ချက်ချင်းအကူအညီပေးရန်။ (၂)အခြေခံလိုအပ်ချက်များအတွက် ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ကမ္ဘောဇဘဏ်တို့၏ မိတ်ဖက်များ၊ NGOs များနှင့် CSOs များတဆင့် ထိခိုက်ခံစားရသော မိသားစုများသို့ အခြေခံလိုအပ်ချက်များ ဖြန့်ဝေပေးရန်။ (၃) ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်ပြုပြင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ရပ်ရွာများ ပြန်လည်တည်ဆောက်ခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်သည်။
ယင်းအပြင် ဆုံးရှုံး ပျက်စီး ထိခိုက်မှုအများဆုံးနှင့် လိုအပ်ချက်အများဆုံးနေရာဒေသများသို့ အမြန်ဆုံး ရောက်ရှိစေရန် ကမ္ဘောဇဘဏ်နှင့် မိတ်ဖက်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများ၊ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်၍ ကာလတိုနှင့် ကာလရှည် ပြန်လည်တည်ဆောက်ရေး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်ဟု သိရသည်။
ပုံစာ။ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပျော်ဘွယ်ဘဏ်ခွဲကြည့်ရှုနေသော ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်း။