
၃၁. ၃. ၂၀၂၅
Written by Nyein Kyaw
ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် ဧည့်မထဆန်အိတ်သုံးသိန်းအား တစ်အိတ် ကျပ် ၆၅,၀၀၀ ဝန်းကျင်ဖြင့် ဖြန့်ဖြူးရောင်းချပေးမည့်အပြင် ပရဟိတအသင်းအဖွဲ့များ၏ လိုအပ်ချက်များ၊ ယာယီစုရပ်စခန်းများအတွက်လည်း ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသိပေးကြေညာထားသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သည် ငလျင်ဘေးဒဏ်သင့်ဒေသများရှိ ဆန်ဖြန့်ဝေမှုနှင့် ဆန်ဈေးနှုန်း တည်ငြိမ်မှုကို ကူညီဆောင်ရွက်နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှုများနှင့်အညီ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုကာလအတွင်း ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များနှင့် ဆန်လက်လီဆိုင်များအနေဖြင့် ဒေသစားသုံးသော/ မိမိတို့လက်ဝယ် သိုလှောင်ထားရှိသောဆန်များကို ဈေးနှုန်းချိုသာစွာဖြင့်/ ရည်ညွှန်းဈေးနှုန်းများနှင့်အညီ ဈေးကွက်အတွင်းသို့ ထည့်သွင်းဖြန့်ဖြူး ရောင်းချပေးရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် မေတ္တာရပ်ခံ တိုက်တွန်းထားသည်။
ထို့အပြင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ (၂၄) ပြည်ဝင် ဧည့်မထဆန်အိတ် သုံးသိန်းကို ငလျင်ဘေးဒဏ်သင့် ဒေသများသို့ တည်နေရာနှင့် ဖြန့်ဖြူးမှုအခြေအနေအပေါ် မူတည်၍ တစ်အိတ် ကျပ် ၆၅,၀၀၀ မှ ကျပ် ၇၀,၀၀၀ အတွင်း ဈေးနှုန်းသတ်မှတ်၍ ဖြန့်ဝေမည်ဖြစ်သည်။ ပရဟိတအသင်းအဖွဲ့များ၏ လိုအပ်ချက်များ၊ ယာယီစုရပ်စခန်းများအတွက်လည်း ဖြန့်ဝေပေးသွားမည် ဖြစ်သည်။
ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ဆန်ဖြန့်ဝေရန် လိုအပ်ချက်ရှိပါက မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဖုန်းနှင့် Viber နံပါတ်များဖြစ်သည့် ၀၉-၅၃၉၄၁၃၈၊ ၀၉-၄၂၁၀၀၀၂၀၉၊ ၀၉-၄၄၄၃၂၂၆၀၉၊ ၀၉-၄၀၀၀၆၇၂၅၀၊ ၀၉-၄၀၀၀၆၇၂၆၀ များသို့ ဆက်သွယ်ရန် အသိပေးထားသည်။