၂၁. ၁. ၂၀၂၃
Written by Thettant
နွေဦးတော်လှန်ရေးကာလ နှစ်နှစ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားရုံး ၉ ရုံးအထိ မီးရှို့ခြင်း၊ ဗုံးခွဲခြင်းများဖြင့် အကြမ်းဖက်ဖျက်ဆီးခံခဲ့ရသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနစာရင်းများအရ သိရသည်။
၂၀၂၃ ရွေးကောက်ပွဲပျက်သုဥ်းရေးနှင့် အလုံးစုံပျက်သုဉ်းရေးမူများဖြင့် NUG က PDF အဖွဲ့ကိုဖွဲ့စည်း၍ ရွေးကောက်ပွဲအတွက် အဓိကအရေးကြီးသော မြို့နယ်လဝကရုံးများကို မီးရှို့ဖျက်ဆီးခြင်း၊ ဗုံးများ၊ မိုင်းများဖြင့် တိုက်ခိုက်ခြင်းများပြုလုပ်မှုကြောင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် လဝကရုံး ၉ ရုံးပျက်စီးခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဥ်များအနက် ချင်းပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံးကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၄ ရက်တွင် CDF အဖွဲ့က မီးလောင်ဗုံးဖြင့် တိုက်ခိုက်မီးရှို့ခြင်း၊ ကန်ပက်လက်မြို့နယ်ဦးစီးမှူးရုံးကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် PDF အင်အား ၃၀၀ ခန့်ဖြင့် လာရောက်တိုက်ခိုက်မီးရှို့ခြင်း၊ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၁ ရက်တွင် တီးတိန်မြို့နယ် လဝကဦးစီးမှူးရုံးနှင့် ဝန်ထမ်းလိုင်းခန်းနေရာကို CDF များက မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။
ထို့ပြင် စစ်ကိုင်းတိုင်းတွင်လည်း ဒီပဲယင်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံးကို PDF များက ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် မီးရှို့ဖျက်ဆီးခြင်းနှင့် မြောင်မြို့နယ် လဝကဦးစီးမှူးရုံးကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် PDF အင်အား ၂၀ ခန့်က မီးရှို့ဖျက်ဆီးခဲ့သည်။
ယင်းအပြင် ၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်မှုအား ဖျက်ဆီးမည်ဟု NUG, PDF များက ကြွေးကြော်ထားသည်နှင့်အညီ ယခုနှစ် ဇန်နဝါရီ သုံးရက်တွင် မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် လဝကဦးစီးမှူးရုံးကို လူသုံးဦးက ရုံးခြံစည်းရိုးကျော်၍ မီးရှို့ခြင်း၊ ဇန်နဝါရီ ၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လဝကဦးစီးမှုးရုံးကို PDF ၂၀ ခန့်က မီးရှို့ဖျက်ဆီးခြင်း၊ ဇန်နဝါရီ ၁၂ ရက်တွင် ရေစကြိုမြို့နယ် လဝကဦးစီးမှူးရုံးကို PDF ခန့်မှန်းအင်အား ၂၀ ခန့်က မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။
ထို့အပြင် ဇန်နဝါရီ ၁၉ ရက် ည ၇ နာရီ ၂၀ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့၊ အောင်ဇေယျရပ်ကွက်ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးအတွင်းသို့ PDF များက လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ဖောက်ခွဲ၍ မီးရှို့ဖျက်ဆီးခဲ့ပြီး မီးလောင်မှုကြောင့် ရုံးပင်မအဆောက်အဦတစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။