
၃၁.၃.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရန့် က အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေက တားဆီးထားတဲ့ သမ္မတအဖြစ် တတိယသက်တမ်းကာလတာဝန်ထမ်းဆောင်နိုင်ဖို့အတွက် သူ့အနေနဲ့ ဟာသလုပ်ကာ ပြောကြားနေတာမဟုတ်လို့ မတ်လ ၃၀ ရက်က ပြောခဲ့ပါတယ်။ ဒါပေမယ့်ထရန့်က ဒီကိစ္စနဲ့ပတ်သက်လို့ ပြောဖို့ စောလွန်းပါတယ်လို့ ပြောခဲ့ပါတယ်။
ထရန့်က သမ္မတအဖြစ် ဒုတိယသက်တမ်းတာဝန်ကို ဇန်နဝါရီလ ၂၀ ရက်မှာ စတင်ထမ်းဆောင်ခဲ့တာပါ။ ဒီမှာ သူက သမ္မတအဖြစ် တတိယသက်တမ်းကာလအတွက် သွယ်ဝိုက်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် NBC သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှုမှာတော့ တိုက်ရိုက်ပြောကြားခဲ့တာပါ။
ထရန့်က “ကျွန်တော်က ဒီကိစ္စကို ဟာသလုပ်ပြောနေတာတော့မဟုတ်ဘူး။ ဒါပေမယ့် ဒါနဲ့ပတ်သက်လို့ စဉ်းစားဖို့ကတော့ စောပါသေးတယ်။ ခင်ဗျားတို့ သိတဲ့အတိုင်း ဒါကိုလုပ်နိုင်တဲ့နည်းလမ်းတွေရှိပါတယ်” လို့ပြောခဲ့ပါတယ်။
ဒါပေမယ့် ဘယ်နည်းလမ်းနဲ့ ဆောင်ရွက်မယ်လို့ ထရန့်က မပြောခဲ့ပါဘူး။
အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမေရိကန်သမ္မတတွေက ဆက်တိုက်ဖြစ်စေ၊ ဆက်တိုက်မဟုတ်ဘဲဖြစ်စေ လေးနှစ်သက်တမ်းနှစ်ကြိမ် ပဲ တာဝန်ထမ်းဆောင်ခွင့်ရှိတာပါ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်မှုတစ်ရပ်လုပ်နိုင်ဖို့ အထက် လွှတ်တော်နဲ့ အောက်လွှတ်တော်တို့မှာ ပြင်ဆင်ချက်အပေါ် မဲသုံးပုံနှစ်ပုံစီထောက်ခံရမှာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအတွင်း ပြည်နယ် ၅၀ ရဲ့ ဥပဒေပြုအမတ်တွေရဲ့ လေးပုံသုံးပုံက အတည်ပြုရမှာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့တုန်းက ထရန့်ဟာ ၇၈ နှစ်ရှိပြီဖြစ်ပြီး လေးနှစ်သက်တမ်းအပြီးမှာတော့ ၈၂ နှစ်အထိရှိမှာပါ။
Ref- NBC