
၃၁. ၃. ၂၀၂၅
Written By Thandar
အနုပညာ ဂီတလမ်းကြောင်းပေါ်မှာ Pop တေးသီချင်းတွေဖြစ်တဲ့ ဒီမိုး၊ အလွမ်းကဖီး၊ အချစ်မိုး၊ စွဲနေပြီ၊ ပလက်ဖောင်းရှိုး၊ လူပျိုကြီးပဲ လုပ်တော့မယ် စတဲ့ သီချင်းများစွာနဲ့ ပရိသတ်အားပေးမှုများစွာ ရရှိထားတဲ့ အဆိုတော်ကြီး ဂျေညီညီကတော့ အသက် ၇၂ နှစ်အရွယ်မှာ ကျောက်ကပ်ရောဂါနဲ့ ဒီနေ့ မတ်လ ၃၁ ရက် နံနက် ၄ နာရီခွဲက မြောက်ဥက္ကလာပမြို့နယ် နေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။


“သူက ဆီးအဆိပ်တက်တယ်လေ။ ပေါင်အရိုးကျိုးတုန်းက ဆီးအဆိပ်ပြန်တက်နေတာကို မသိလိုက်ဘူးပေါ့နော်။ ဒီကြားထဲမှာ တစ်လကျော် တစ်လခွဲလောက်ရှိပါပြီ။ ဖျားလိုက် အားနည်းလိုက်နဲ့ သွေးပေါင်လည်း ကျတယ်။ သွားသွားလာလာပါပဲ။ အပူရှပ်တာလည်း ဖြစ်တယ်။ ဒီနေ့ မနက်မှာ အောက်ဆီဂျင်ပြတ်သလို ဖြစ်သွားတာပါ။ အမကို မရတော့ဘူး လှမ်းပြောတယ်။ သတိပြန်လည်မလာတော့ဘဲ ဆုံးသွားတာပါ။ တကယ်တော့ သူ့မှာ ကျောက်ကပ်လည်းရှိတယ်။ သွေးအားလည်းနည်းနေတာပေါ့နော်”လို့ အဆိုတော် ဂျေညီညီရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။


ဂျေညီညီရဲ့ နာရေးဈာပနကို လာမယ့် ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၃နာရီမှာ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုသာန်မှာ သင်္ဂြိုဟ်သွားမှာလည်းဖြစ်ပါတယ်။ အဆိုတော် ဂျေညီညီ က ၁၉၅၃ ခုနှစ်က မွေးဖွားခဲ့တာဖြစ်ပြီးတော့ ဆုံးပါးသွားချိန်မှာ အသက် ၇၂ နှစ်ရှိပြီဖြစ်ပြီး ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူနဲ့ သားလေးတစ်ယောက် ကျန်ရှိလို့နေခဲ့ပါတယ်။
၁၉၈၄ – ၁၉၈၅ ခုနှစ်တွေက ဂီတလောကသို့ ရောက်ရှိခဲ့ပြီး အောင်မြင်ကျော်ကြားတဲ့ တေးသီချင်းတွေ သီဆိုခဲ့သူလည်းဖြစ်ပြီး ယနေ့ချိန်ထိ ရေပန်းစားနေတဲ့ တေးသီချင်းတွေလည်းဖြစ်ခဲ့ပါတယ်။