
၃၁.၃.၂၀၂၅
Written By Thandar
မတ်လ ၂၈ရက်က ဖြစ်ပွားခဲ့တဲ့ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေကို ၁၈ မိုင်တောရဆရာတော် ဦးဆောင်မှုနဲ့အတူ အနုပညာရှင်တွေနဲ့ စေတနာရှင်ပြည်သူတွေ ပူးပေါင်းလှူဒါန်းမှုတွေကို မနက်ဖြန် ဧပြီလ ၁ ရက်မှာ စတင်လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။


“၁၈ မိုင်တောရ ငလျင်ဘေးကယ်ဆယ်ရေးအဖွဲ့ကတော့ ငလျင်ဘေးသင့်ပြည်သူတွေထံကို တိုက်ရိုက်လှူဒါန်းဖို့ ခရီးစဉ်ကိုတော့ မနက်ဖြန် ဧပြီ ၁ ရက်နေ့ နံနက် ၃ နာရီမှာ စတင်ထွက်ခွာမှာပါ။ ၁၈ မိုင်တောရဆရာတော်ဘုရားကိုယ်တိုင် လှူဒါန်းသွားမှာဖြစ်ပါတယ်”လို့ ၁၈ မိုင်တောရ ကျောင်းတိုက်မှ တာဝန်ရှိသူက ပြောလာပါတယ်။



အဆိုပါ ငလျင်ဘေးနဲ့ပတ်သက်ပြီး အနုပညာရှင်တွေဖြစ်ကြတဲ့ ကိုနိုင်ဖြိုးကျော်နဲ့ သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုန်ရွှေရည်တို့က ကျပ်သိန်း ၁၅၀ နဲ့ ရေသန့်နဲ့ ဓာတ်ဆား စုစုပေါင်း တန်ဖိုးကျပ်သိန်း ၃၀၀ ကို ၁၈ မိုင်တောရ ဆရာတော်ဘုရားထံမှာ ထပ်မံ လှူဒါန်းခဲ့ပါတယ်။ ကိုသီဟနဲ့ အဆိုတော် သရုပ်ဆောင် စန္ဒီမြင့်လွင်တို့ မိသားစုက ကျပ်သိန်း ၅၀၊ အဆိုတော် စိန်လင်းက ကျပ်သိန်း ၃၀၊ မိုးဟေကိုက ကျပ်သိန်း ၅၀ စသလို စေတနာရှင်တွေကလည်း ၁၈ မိုင်တောရ ဆရာတော်ထံမှာ ပါဝင်လှူဒါန်းခဲ့ကြပါတယ်။
ဝတ်မှုန်ရွှေရည်တို့ ဇနီးမောင်နှံကတော့ ငလျင်ဘေးသင့်ပြည်သူတွေအတွက် ခိုင်နှင်းဝေဖောင်ဒေးရှင်းကိုလည်း ကျပ် သိန်း ၃၀၀ ပါဝင်လှူဒါန်းခဲ့ပါသေးတယ်။