
ဖိလစ်ပိုင်ကယ်ဆယ်ရေးအဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်ထားဟု ဖိလစ်ပိုင်အစိုးရပြော
၃၁.၃.၂၀၂၅
Translated by Htwe Ko Tun
မြန်မာနိုင်ငံ၌ မတ်လ ၂၈ ရက်က လှုပ်ခတ်သွားခဲ့သော ပြင်းအား ၇ ဒသမ ၇ မဂ္ဂနီကျူ့ရှိသော ငလျင်ဒဏ်ကြောင့် ပျောက်ဆုံးနေသူများတွင် ဖိလစ်ပိုင်နိုင်ငံသားလေးဦးလည်းပါဝင်ကြောင်း ဖိလစ်ပိုင်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မတ်လ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် အီဒူအာဒို ဒီဗီဂါက လူပေါင်း ၁,၆၀၀ ကျော်သေဆုံးခဲ့ပြီဟုသိရသော ပြင်းအားမြင့်ငလျင်တွင် နောက်ဆုံးသတင်းများအရ ဖိလစ်ပိုင်နိုင်ငံသား လေးဦး ပျောက်ဆုံးနေကြောင်း ပြောကြားခဲ့သည်။
၎င်းတို့ထဲတွင် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သောအဆောက်အအုံတစ်ခုအတွင်း နေထိုင်ကြသည့် ဖိလစ်ပိုင်နိုင်ငံသား လင်မယားလည်းပါဝင်ကြောင်းလည်း သိရသည်။ ဒီဗီဂါက “နှစ်ဦးက ပြိုကျတဲ့ အဆောက်အအုံထဲမှာ အတူတူနေကြတာပေါ့။ ပျောက်နေတဲ့လေးယောက်စလုံးကတော့ ဆရာတွေနဲ့ ရုံးအလုပ်သမားတွေပဲ” ဟု ပြောခဲ့သည်။
၎င်းက ထိုင်းနိုင်ငံတွင် ဖိလစ်ပိုင်နိုင်ငံသားများ အများအပြားပို၍ရှိနေကြကြောင်း၊ သို့သော် လူနေအဆောက်အအုံများမှာမူ ပြိုကျမှု မရှိခဲ့ကြောင်း ပြောခဲ့သည်။
ဖိလစ်ပိုင်အစိုးရက ငလျင်ဘေးသင့်သူများကို ကယ်ဆယ်ရန်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ထားပြီးဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
အမျိုးသား သဘာဝဘေး အန္တရာယ်လျော့ပါးရေးနှင့် စီမံခန့်ခွဲရေးကောင်စီ (NDRRMC) ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီး Gilberto Teodoro Jr. က ငလျင်ဒဏ်ဆိုးဝါးစွာခံခဲ့ရသော မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ဝမ်းနည်းကြောင်းလည်း ပြောကြားခဲ့သည်။
Ref -inquirer.net