
NUG က ထိုးစစ်အားလုံးရပ်ထားမည်ဟု ထုတ်ပြန်ထားသော်လည်း လက်အောက်ခံ PDF များက ယခုအချိန်ပြည်သူများ အဓိကလိုအပ်နေသည့် လျှပ်စစ်ဓာတ်အားပေးကဏ္ဍများသို့ တိုက်ခိုက်နေ
၃၁. ၃. ၂၀၂၅
Written by Nyein Kyaw
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုများအား ပြတ်တောက်စေရန် ရည်ရွယ်ချက်ဖြင့် PDF များက စလင်းမြို့နယ်ရှိ စစ်ရေးနှင့်မသက်ဆိုင်သော တညောင်ဓာတ်အားခွဲရုံအား လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။
မတ်လ ၂၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်တွင် လှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ရပြီး နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အားများ အမြန်ဆုံးပြန်လည် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သည့် ငလျင်ဒဏ်ကြောင့် ပြည်သူများအတိဒုက္ခရောက်နေသဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို NUG လက်ဝေခံ PDF များက အခွင့်ကောင်းယူ၍ အဖျက်အမှောင့် အနှောင့်အယှက်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ PDF များက ယနေ့ နံနက် ၆ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့၏ အနောက်မြောက်ဘက် မီတာ ၅၅၀၀ ခန့်အကွာရှိ တညောင်ဓာတ်အားခွဲရုံစက်ရုံမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငလျင်ဒဏ်သင့်ဒေသများနှင့် ဆက်စပ်သော ခရိုင်များအတွင်း ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံး ရက်သတ္တနှစ်ပတ်ကြာ (မတ် ၃၀ ရက် မှ ဧပြီ ၁၂ ရက်ထိ) ရပ်ဆိုင်းထားရန် မတ်လ ၂၉ ရက်တွင် NUG က အထူးညွှန်ကြားချက်(၂/၂၀၂၅)ဖြင့် ထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင် ဖျက်အားပြင်း ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများကြုံခဲ့ရပြီးနောက် လျှပ်စစ်ဓာတ်အားနှင့် ဆက်သွယ်ရေး အခြေခံအဆောက်အဦများ ပြန်လည်ကောင်းမွန်ရေးကို ပြည်သူများ အဓိကလိုအပ်နေချိန်ဖြစ်သည်။
သို့သော်လည်း NUG ဩဇာခံ PDF များက NUG ၏ ထုတ်ပြန်ချက်လည်း မလိုက်နာ ပြည်သူများ အဓိကလိုအပ်နေသည့် လျှပ်စစ်ဓာတ်အားရရှိရေးတွင် အဓိကကဏ္ဍတွင် ပါဝင်သော လျှပ်စစ်ဓာတ်အားခွဲရုံများကိုပါ ဆက်လက်ဖျက်ဆီး တိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်။