
MT News
၃၁.၃. ၂၀၂၅
တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအား ထောက်ပံ့ပေးသည့် ပထမဆုံးအသုတ် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ကယ်ဆယ်ရေးနှင့် ကူညီရေးပစ္စည်းများအား တရုတ်နိုင်ငံ ပေကျင်းမြို့တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ယနေ့ မတ်လ ၃၁ ရက်တွင် စတင်ပို့ဆောင်ခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။


မြန်မာအစိုးရ၏ တောင်းဆိုချက်အရ တရုတ်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံဘက်သို့ ယွမ် သန်း ၁၀၀ တန်ဖိုးရှိသည့် လူသားချင်းစာနာမှု ငလျင်ကယ်ဆယ်ရေး အကူအညီများ ပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။
ပထမဆုံးအသုတ် ကူညီရေးပစ္စည်းများတွင် အဓိကအားဖြင့် ရွက်ဖျင်တဲ ၁,၂၀၀ လုံး၊ ခြုံစောင် ၈,၀၀၀၊ အရေးပေါ်ကယ်ဆယ်ရေးအိတ် ၄ သောင်းကျော်ပါဝင်ပြီး စင်းလုံးငှားလေယာဉ်ပုံစံဖြင့် ရန်ကုန်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (CIDCA) မှ သိရှိရသည်။


တရုတ်နိုင်ငံဘက်က မြန်မာဘက်သို့ သောက်သုံးရေ၊ စားသုံးရန်လွယ်ကူသော စားသောက်ကုန် စသည့် အရေးပေါ်လိုအပ်သော ပစ္စည်းများကိုလည်း ထောက်ပံ့သွားမည်ဖြစ်ပြီး လက်ရှိတွင် ကုန်ပစ္စည်းများအား အရေးပေါ်စုစည်းလျက်ရှိကာ မကြာရက်ပိုင်း၌ ငလျင်ဒဏ်သင့်ဒေသများသို့ ဆက်တိုက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Ref & Photo , Xinhua