
MT News
၃၁. ၃. ၂၀၂၅
နိုင်ငံကျော် အဆိုတော် ဂျေညီညီဟာ ဒီမနက် ၄ နာရီခွဲက ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။
အဆိုတော် ဂျေညီညီဟာ ကွယ်လွန်ချိန်မှာ ၇၂ နှစ်အရွယ်လို့ ဂီတလောကသားတွေကပြောကြပြီး သူကွယ်လွန်တာကလည်း လူကြီးရောဂါလို့ပဲ ဆိုကြပါတယ်။
ဂျေညီညီလို ဂီတလောကမှာ ဆယ်စုနှစ် ၄ စု၊ ၅ စုလောက်ရပ်တည် ရှင်သန်ခဲ့သူ ကွယ်လွန်ခြင်းဟာ အနုပညာလောကအတွက် ဆုံးရှုံးမှုတစ်ခုဖြစ်သလို အနုပညာရှင်တွေနဲ့ ပြည်သူတွေကလည်း ဝမ်းနည်းကြောင်း လူမှုကွန်ရက်၌ ရေးသားထားသလို ဂျေညီမလေးကလည်း အဆိုတော် ဂျေညီညီ ဒီမနက် ၄ နာရီခွဲက ကွယ်လွန်သွားတယ်လို့ အတည်ပြုပေးထားပါတယ်။

အဆိုတော် ဂျေညီညီက သွေးပေါင်ကျသဖြင့် မူးနေကြောင်း မနေ့ကမနက်မှာ “ဒီမနက်မူးလို့ကောင်းတုန်း တယောက်ထဲငလျင်မိနေသလို ဟိုကိုင်ဒီကိုင်လမ်းလျှောက်နေရတယ်”လို့ သူ Facebook အကောင့်မှာ ရေးသားထားခဲ့ပါသေးတယ်။
၁၉၈၀ ပြည့်နှစ်ဝန်းကျင်မှာ အဆိုတော် ဂျေညီညီဟာ ဂီတလောကထဲ ဝင်ရောက်ခဲ့ပြီး အလွမ်းကဖီး၊ ပလက်ဖောင်းရှိုး၊ စွဲနေပြီ၊ ဒီမိုး၊ အချစ်မိုး၊ မြိုင်နန်းစံ ပန်းတစ်ပွင့်၊ လူပျိုကြီးပဲလုပ်တော့မယ် စတဲ့ သူသီဆိုရာ တေးသီချင်းများစွာဟာ ထင်ပေါ်ကျော်ကြားခဲ့ပါတယ်။
မွေးချင်းမောင်နှမလေးယောက်ရှိတဲ့ အဆိုတော်ဂျေညီညီဟာ ကွယ်လွန်ချိန်မှာ ဇနီးနဲ့သားတစ်ဦး ကျန်ရစ်ခဲ့ပြီး နာရေးအစီအစဥ်ကို MT News က ဆက်လက်ဖော်ပြပေးပါမယ်။