
၃၁. ၃. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံခြားသတင်းထောက်များက မြန်မာနိုင်ငံသို့ လာရောက်ရန် ခွင့်တောင်းမှုများရှိသော်လည်း လက်ရှိအချိန်တွင် ငလျင်ဒဏ်သင့်နေရာများအတွက် ကယ်ဆယ်ရေးကို အာရုံစိုက်လုပ်ဆောင်နေခြင်း၊ နေရေးထိုင်ရေး အခက်အခဲရှိသည့်အပြင် လျှပ်စစ်မီးမရှိသေးခြင်းတို့ကြောင့် ခွင့်ပြုမပေးနိုင်သေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားထားသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ငလျင်ဒဏ်သင့်ဒေသများသို့ ပြည်ပမှ မီဒီယာများနှင့် နိုင်ငံခြားသတင်းထောက်များ လာရောက်ရန် တောင်းဆိုထားမှုရှိမရှိနှင့် ပတ်သက်ပြီး မီဒီယာများ၏ မေးမြန်းမှုအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
“မီဒီယာများက နိုင်ငံခြားသတင်းထောက်များလာဖို့ ခွင့်တောင်းတာရှိပါတယ်။ နိုင်ငံခြားသတင်းထောက်များအနေနဲ့ ဒီကိုရောက်လာရင်လည်း တည်းစရာ၊ နေစရာ အဆင်မပြေပါဘူးခင်ဗျ။ ဒီဟိုတယ်တော်တော်များများကလည်း ထိခိုက်ထားတာရှိတယ်။ ဒါ့အပြင် လျှပ်စစ်မီးလည်း တော်တော်များများနေရာမှာ မရရှိသေးဘူး။ ရေနဲ့ပတ်သက်ပြီးလည်း အခက်အခဲရှိပါတယ်။ ဒါကြောင့်မို့ အားလုံးကလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေတဲ့အချိန်ဖြစ်ပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ် တာဝန်ရှိသူတွေရော၊ မြို့နယ်တာဝန်ရှိသူတွေရော ဥပမာ ရပ်ကွက်ကျေးရွာ တာဝန်ရှိသူတွေကအစ သူတို့အိုးအိမ်သူတို့ပစ်ပြီး ကူညီကယ်ဆယ်ရေးလုပ်နေရတာဖြစ်ပါတယ်။ အကုန်လုံးက ဒီအပေါ်မှာပဲ အာရုံစိုက်လုပ်နေရတာဖြစ်တဲ့အတွက်ကြောင့်မို့ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ လာတာ၊ နေတာ၊ တည်းတာ၊ ခိုတာ၊ ထိုင်တာ၊ သွားတာ၊ လာတာ အဆင်မပြေနိုင်ပါဘူး။ ဒါလေးကိုတော့ အားလုံးသိရှိအောင် သိရှိထားစေလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မတ်လ ၂၈ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ရှားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဒဏ်သင့်ခဲ့ရသည်။
အဆိုပါ ဒေသများအတွင်း လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူအချို့ အသက်သေဆုံးခဲ့ရမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့ရသဖြင့် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာနယ်မြေအလိုက် ဆောင်ရွက်နေရခြင်းဖြစ်ပြီး မတ်လ ၂၉ ရက်(ယမန်နေ့) ညပိုင်း ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငလျင်ဘေးကြောင့် သေဆုံးသူ ၁,၆၄၀ ကျော်နှင့် ဒဏ်ရာရရှိသူ ၃,၄၀၀ ကျော်ရှိကြောင်း သိရသည်။