



၃၀. ၃. ၂၀၂၅
Written by Hey Mar
စစ်ကိုင်းမြို့ပေါ်မှာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေတဲ့အဆောက်အဦတွေကြားထဲက ရုပ်အလောင်းတွေ ကူညီဖယ်ရှားဖို့ Dead body Bag တွေနဲ့ စေတနာဝန်ထမ်း လူအင်အားတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ မြေပြင်ကို ရောက်ရှိနေတဲ့ လူမှုကူညီကယ်ဆယ်ရေးသမားတွေက ဆိုပါတယ်။
စစ်ကိုင်းမြို့ပေါ်ဟာ ၈၀ ရာခိုင်နှုန်းလောက်ကို ပျက်စီးနေပြီး မထိခိုက်တဲ့ နေရာတွေမှာလည်း စားရေရိက္ခာပြတ်လပ်တဲ့ အခြေအနေနဲ့ ပစ္စည်းဝယ်ရခက်ခဲတဲ့ အခြေအနေမျိုးတွေ ကြုံတွေ့နေရတာလို့ ဆိုပါတယ်။
မြေပြင်ကို ရောက်ရှိနေတဲ့ လင်းလက်လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ကျွန်မတို့ အခုညပဲ ရောက်တယ်။ လမ်းပန်းတအားခက်ခဲတယ်။ မနက်ဖြန် ဒေသခံအသင်းတွေနဲ့ ပူးပေါင်း ကူညီသွားပါ့မယ်။ ဒီကို ရောက်ရောက်ခြင်း စ ကူဖို့ အခြေအနေတွေ လေ့လာတဲ့ အခါ အဓိက မန္တလေးထက် စားရေရိက္ခာ ပြဿနာရှိနေတယ်။ လမ်းပန်းတွေ မလွယ်ဘူး။ အကုန်လုံးထိခိုက်ထားတာမို့ ရေသန့်ရရှိရေး၊ ဆေးဝါးနဲ့ အခြေခံစားကုန်။ ငလျင်ဘေးလွတ်တဲ့ အခြေခံလူတန်းစားက စားဖို့ ဒုက္ခရောက်နေကြပါတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
လက်ရှိမှာ ပြိုကျအဆောက်အဦအောက် ရှိနေတဲ့ ရုပ်အလောင်းတွေက အနံ့ထွက်စပြုနေပြီး နောက်ရက်တွေမှာ ရှင်းလင်းနိုင်ဖို့ စက်အားတွေ ပိုမို လိုအပ်လာမှာမို့ စက်သုံးဆီကလည်း အဓိက ပြဿနာတစ်ရပ်ဖြစ်နေပြီး ကုန်စည်ရှားပါးမှုကြောင့် ရိက္ခာလိုအပ်ချက် ကလည်း တောင့်ခံဖို့ မဖြစ်နိုင်တာကြောင့် ပါဝင်ကူညီမယ့် စေတနာရှင်တွေအနေနဲ့ အဓိက သာမည မြေပြင်ရှိတဲ့ တာဝန်ရှိသူတွေဆီ ချိတ်ဆက်တာမျိုးနဲ့ လှူဒါန်းနိုင်အောင်လည်း ဒေသခံကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက တင်ပြထားပါတယ်။