ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်သည့် အပူတပြင်းလိုအပ်ချက်များ သုံးသပ်ဖော်ထုတ်ရန် USAID ပါ မြန်မာနိုင်ငံသို့ လာရောက်မည်ဟု ပြော

MT News
၃၀. ၃. ၂၀၂၅
မြန်မာ့ငလျင်ဘေးအတွက် အမေရိကန်နိုင်ငံက ဒေါ်လာ ၂ သန်း ကူညီမည်ဖြစ်ကြောင်း ယနေ့တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက အတည်ပြုထုတ်ပြန်လာသည်။
အမေရိကန်ပြည်ထောင်စုအနေနှင့် မတ်လ ၂၈ ရက်မွန်းလွဲပိုင်းက မြန်မာနိုင်ငံအတွင်း လှုပ်ခတ်သွားခဲ့သည့် ငလျင်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက်အကူအညီပေးသွားမည်ဟု ထိုနေ့တွင်ပင် သမ္မတ ထရမ့်ပ်က ငလျင်လှုပ်ခတ်အပြီး အိမ်ဖြူတော်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲအတွင်း “ကျွန်တော်တို့အနေနဲ့ ငလျင်ဘေးအတွက်ကူညီသွားမှာပါ။ လှုပ်ခတ်ခဲ့တဲ့ငလျင်ကတော့ အင်မတန်ကြောက်စရာ ကောင်းပါတယ်။ ကူညီဖို့အတွက်လည်း မြန်မာနိုင်ငံနဲ့ ဆွေးနွေးပြီးပါပြီ” ဟု ပြောကြားခဲ့ကာ အဆိုပါ ဒေါ်လာ ၂ သန်း အကူအညီမှာ ထရမ့်ပ်ပြောအပြီး နှစ်ရက်အကြာမှာပင် ချက်ချင်း အကောင်အထည်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် စစ်ကိုင်းငလျင်အတွက် အရေးပေါ် တုံ့ပြန်မှုအနေဖြင့် အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအခြေစိုက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးသည့်အဖွဲ့အစည်းများမှတစ်ဆင့် ဒေါ်လာအမေရိကန် ဒေါ်လာ၂ သန်းအထိ ပံ့ပိုးကူညီပေးအပ်သွားမည်ဖြစ်ပါသည့်အပြင် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့သည် အရေးပေါ် နားခိုစရာ၊ အစားအသောက်၊ ဆေးဝါးလိုအပ်ချက်နှင့် ရေရရှိနိုင်မှုအပါအဝင် ငလျင်ဘေးသင့်ဒေသများရှိ ပြည်သူများ၏ အပူတပြင်း လိုအပ်ချက်များကို သုံးသပ်ဖော်ထုတ်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်သည်ဟု အမေရိကန်သံရုံးက ပြောသည်။
ပျက်စီးဆုံးရှုံးမှုများမှ ပြန်လည်ထူထောင်ရန်ကြိုးပမ်းလျက်ရှိကြသော မြန်မာပြည်သူများနှင့်အတူ အမေရိကန်ပြည်ထောင်စုက ရပ်တည်လျက်ရှိပြီး ဤအခက်အခဲကာလအတွင်း အသက်ဆုံးရှုံးမှုများနှင့် လမ်းပန်းဆက်သွယ်ရေး ပျက်စီးဆုံးရှုံးမှုများအတွက်လည်း အားလုံးနှင့်ထပ်တူ မိမိတို့ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါသည်ဟုလည်း ဖော်ပြထားသည်။