
MT News
၃၀. ၃. ၂၀၂၅
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများစွာ ကြုံနေရသော မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ တန်ဖိုးရှိ ကနဦးအရေးပေါ်အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက် ဆိုခွန်းက ယနေ့တွင်
ပြောကြားသည်။
ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သူ ဆိုခွန်းသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ငလျင်အပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအရေးပေါ်အစည်းအဝေးကို ဗီဒီယိုကွန်ဖရန့်မှတစ်ဆင့် တက်ရောက်စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ယနေ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၁,၇၀၀ ခန့် သေဆုံးခဲ့ပြီး ၃,၄၀၀ ဦး ဒဏ်ရာရရှိခဲ့ကာ ၃၀၀ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။
“ဒေသတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ဆေးဝါးနဲ့ တခြားလိုအပ်တဲ့ပစ္စည်းတွေ ပံ့ပိုးပေးတာတွေအပါအဝင် နောက်ထပ်ပါဝင်ကူညီနိုင်မယ့် အခြေအနေတွေကိုလည်း ကျွန်တော်တို့ စဉ်းစားနေပါတယ်” ဟု ဆိုးခွန်က ပြောကြားခဲ့သည်။
မတ်လ ၂၈ ရက် သောကြာနေ့က ဖြစ်ပွားခဲ့သော အင်အားပြင်းငလျင် လှုပ်ခတ်အပြီး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကို ကူညီရာတွင် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ကမ္ဘောဒီးယားနိုင်ငံက အပြည့်အဝ ရပ်တည်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
“သူတို့ကို ကူညီဖို့ ကျွန်တော်တို့ လုပ်ဆောင်မယ့်အရာတွေဟာ ကျွန်တော်တို့ရဲ့ စည်းလုံးညီညွတ်မှုနဲ့ ချစ်ကြည်ရင်းနှီးမှုရဲ့ သက်သေဖြစ်သလို မြန်မာနဲ့ ထိုင်းတို့ဟာ ဒီအကျပ်အတည်းကို တစ်ယောက်တည်း ရင်ဆိုင်နေရတာမဟုတ်ဘူးဆိုတဲ့ အားကောင်းတဲ့ သတင်းစကားလည်း ဖြစ်ပါတယ်။ ပြိုကျနေတဲ့ အဆောက်အအုံတွေအောက်မှာ လူအများအပြား ပိတ်မိနေဆဲဖြစ်ပြီး ဆေးဝါးအကူအညီတွေ လိုအပ်နေတဲ့အတွက် တတ်နိုင်သမျှ အသက်များများ ကယ်တင်နိုင်ဖို့ ကျွန်တော်တို့ အလျင်အမြန် ဆက်လက်လုပ်ဆောင်သွားရပါမယ်။ တစ်မိနစ်တိုင်းဟာ အရေးကြီးပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
သောကြာနေ့က ဖြစ်ပွားခဲ့သော ငလျင်အပြီး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက မည်သို့ကူညီနိုင်မည်ကို ဆွေးနွေးရန်အတွက် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမဒ် ဟာဆန်က အွန်လိုင်းအစည်းအဝေးကို စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးသည်လည်း မြန်မာ့ငလျင်ဘေး ကွင်းဆင်းကူညီရန် ယခုရက်ပိုင်းအတွင်းပင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်သည်။
Ref , Xinhua