မြန်မာနိုင်ငံတွင် ပြင်းထန်စွာငလျင်လှုပ်ခတ်ခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံအလှည့်အကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ် Dato’ Seri Haji Anwar bin Ibrahim နှင့် ဖုန်းဖြင့် ဆက်သွယ်ပြောကြား
မြန်မာ့ငလျင်ဘေး ကွင်းဆင်းကူညီပေးရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်မည်

၃၀.၃. ၂၀၂၅
Written by Tha Doe
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က ပြင်းထန်စွာ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံအတွင်း ထိခိုက်ပျက်ဆီးမှုများဖြစ်ပေါ်ခဲ့မှုများနှင့် ပတ်သက်၍ အကူအညီများပေးအပ်နိုင်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နေ့လည်ပိုင်းတွင် အာဆီယံအလှည့် အကျဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ် Dato’ Seri Haji Anwar bin Ibrahim နှင့် ဖုန်းဖြင့်ဆက်သွယ်ပြော ကြားသည်။
ထိုသို့ပြောကြားရာတွင် ဦးစွာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ်က မလေးရှားနိုင်ငံအနေဖြင့်သော်လည်းကောင်း၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံ အနေဖြင့်သော်လည်းကောင်း မြန်မာနိုင်ငံတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအပေါ် မိမိတို့အနေဖြင့် ဝမ်းနည်းကြေကွဲရပါကြောင်း၊ ယနေ့နံနက်ပိုင်းတွင်လည်း မိမိတိုနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့ကို လေယာဉ်ဖြင့်စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း၊ အလားတူ မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအနေဖြင့်လည်း အခြားသောအာဆီယံအဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ရုပ်သံအစည်းအဝေးပြုလုပ်၍ အဆွေတော် အပါအဝင် အာဆီယံအဖွဲ့ဝင်မိသားစုများအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်း ဆောင်ရွက်မှုများ မည်သို့ကူညီဆောင်ရွက်ရမည်ကို ဆွေးနွေးခဲ့ပါကြောင်းဖြင့်ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုကဲ့သို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အနေဖြင့်သော်လည်းကောင်း၊ မလေးရှား နိုင်ငံဝန်ကြီးချုပ်အနေဖြင့်သော်လည်းကောင်း မိမိတို့ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် အခြေအနေများကို ဖုန်းဖြင့်ဆက်သွယ်ပြောကြားပေးမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အဆွေတော်တို့နိုင်ငံ၏ အကူအညီပေးမှုများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ AHA စင်တာ၏ အကူအညီပေးမှုဖြင့် ယမန်နေ့ကလည်း စက်ကာပူနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိတာဝန်ထမ်းဆောင်နေပြီဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့်လည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအချိန်အထိ သေဆုံးသူ ၁၇၀၀ ခန့်နှင့် ဒဏ်ရာရရှိသူ ၃၄၀၀ ခန့်ရှိ ပြီး ပျောက်ဆုံးသူ ၃၀၀ နီးပါးခန့်ရှိကြောင်း၊ သေဆုံးသူအရေအတွက်ထပ်မံတိုးလာနိုင်ကြောင်း၊ အခြေအနေပေါ်မူတည်ပြီး အပြောင်းအလဲများရှိနိုင်ပါကြောင်း၊ အဓိကအားဖြင့် ယခုကဲ့သို့အခက်အခဲဖြစ်ပေါ်နေချိန်တွင် အဆွေတော်တို့နိုင်ငံအပါအဝင် အာဆီယံနိုင်ငံများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမှုအတွက်လည်း ကျေးဇူးတင်ရှိ ကြောင်းနှင့် အာဆီယံအသိုင်းအဝိုင်းကိုလည်း ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံသည် မလေးရှားနိုင်ငံနှင့်ချစ်ကြည်ရင်နှီးမှုများရှိပြီးဖြစ်သည့်နိုင်ငံဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ကူညီမှုများကိုအကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံအတွက် ပေးအပ်နိုင်မည့် အကူအညီများပေးအပ်နိုင်ရေး မြေပြင်အခြေအနေများကို ကြည့်ရှုရန် အတွက် အဆွေတော်တို့နိုင်ငံသို့ စေလွှတ်ပေးသွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မလေးရှားနိုင်ငံသည် မိမိတို့နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုများကောင်းမွန်သည့် နိုင်ငံ တစ်ခုဖြစ်ပါကြောင်း၊ အဆွေတော်တို့နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့လာရောက်မှုကိုလည်း မိမိတို့နိုင်ငံမှကြိုဆိုပါကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံအသိုင်းအဝိုင်း အတွင်း မှန်ကန်သည့် စိတ်သဘောထားဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ မလေးရှားနိုင်ငံအနေဖြင့်သော်လည်းကောင်း၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အနေဖြင့်သော်လည်းကောင်း ယခုကဲ့သို့ဆက်သွယ်မေးမြန်း ကူညီဆောင်ရွက်ပေး သည့်အတွက်လည်း မိမိတို့နိုင်ငံအတွက်ခွန်အားများစွာရရှိစေပြီး မိမိနှင့် မြန်မာနိုင်ငံ ပြည်သူများအနေဖြင့် များစွာကျေးဇူး တင်ရှိပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။