၂၀. ၁. ၂၀၂၃
Written by Pan Ei
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီရဲ့ ကိုယ်တွေ့မှတ်တမ်းစာအုပ် ‘Spare’ ဟာ ထုတ်ဝေပြီးနောက် တစ်ပတ်အတွင်းမှာပဲ ကမ္ဘာတစ်ဝှမ်း အုပ်ရေ ၃ ဒသမ၂ သန်းကျော် ရောင်းချခဲ့ရပြီး ရောင်းအားအကောင်းဆုံး ကိုယ်ရေးမှတ်တမ်းစာအုပ်များစာရင်းမှာ ပါဝင်နိုင်ဖွယ်ရှိနေပါတယ်။
‘Spare’ စာအုပ်ကို ဖြန့်ဖြူးရောင်းချတဲ့ စာအုပ်တိုက် Penguin Random House က မင်းသား ဟယ်ရီရဲ့ ‘Spare’ စာအုပ်ဟာ အမေရိကန်နိုင်ငံတစ်ခုထဲမှာတင် အုပ်ရေ ၁ ဒသမ ၆ သန်း ရောင်းချခဲ့ရတယ်လို့ ကြာသပတေးနေ့ (ဇန်နဝါရီ ၁၉ ရက်) မှာ ကြေညာခဲ့ပါတယ်။
မင်းသားဟယ်ရီရဲ့ ‘Spare’ စာအုပ်ကို ပုံနှိပ်ထုတ်ဝေခြင်းအပြင် အသံဖိုင်၊ ဒီဂျစ်တယ်ထုတ်ဝေခြင်း (e-books) တို့နဲ့ ဖြန့်ဖြူးထားရှိပြီး ဘာသာစကား ၁၆ မျိုးနဲ့ ထုတ်ဝေထားပါတယ်။
မင်းသားဟယ်ရီရဲ့ ကိုယ်တွေ့မှတ်တမ်းစာအုပ်မှာ ဗြိတိန်တော်ဝင်မိသားစုနဲ့ သူ့ရဲ့ အငြင်းပွားမှု အကြောင်းအရာတွေ၊ ၂၀၂၀ ပြည့်နှစ်မှာ သူ့ရဲ့ အကြီးတန်းတော်ဝင်ရာထူးက ထွက်ခွာဖို့ သူဆုံးဖြတ်ခဲ့ပုံတွေ၊ မိခင် ဒိုင်ယာနာ သေဆုံးပြီးနောက် အကြောင်းအရာတွေနဲ့ တော်ဝင်မိသားစုအတွင်းက အဖြစ်အပျက်တွေလည်း ပါဝင်ပါတယ်။
Ref; CNA