
၂၉.၃.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၄၂) ရပ်ကွက်၊ ဇော်ဂျီလမ်းတွင် မီးသွေးမီးဖိုဖြင့် ထမင်းအိုးတည်ရာမှ အနီးရှိ မိုးကာစပေါ်မီးပွားစ လွင့်သဖြင့် လူနေအိမ်၂ လုံးမီးလောင်ဆုံးရှုံးမှု ယနေ့ မတ်လ ၂၉ ရက် နံနက် ၉ နာရီ ၄၈ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
၁၄ မိနစ်ကြာမြင့်ခဲ့သော မီးလောင်မှုကြောင့် အလျား ၁၀ ပေ၊ အနံ ပေ ၂၀ ရှိ သွပ်မိုး၊ သွပ်ကာ၊ပျဥ်ခင်း ၁ ထပ်နေအိမ် ၂ လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၃ စီး၊ ရေသယ်ယာဥ် ၂ စီး၊ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၄၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၂ မိနစ်တွင် မီးငြိမ်းခဲ့သည်။
နေအိမ်နှစ်လုံး မီးလောင်မှုကြောင့် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးကြီးကို ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။