
MT News
၂၉. ၃. ၂၀၂၅
ငလျင်ကြောင့် ထိခိုက်သည့် စက်သုံးဆီဆိုင်များ အမြန်ဆုံး ပြင်ဆင်ပြီးစီးနေသလို ဆီသင်္ဘောများ စဥ်ဆက်မပြတ်ဝင်ရောက်နေ၍ ဆီပြတ်လပ်မှုဖြစ်မည်မဟုတ်ကြောင်း စက်သုံးဆီဝယ်ယူသုံးစွဲခြင်းနှင့်ပတ်သက်၍ စွမ်းအင်ဝန်ကြီးဌာနက အများပြည်သူသို့ အသိပေးထားသည်။
မတ်လ ၂၈ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မြေငလျင်ကြောင့် စက်သုံးဆီအရောင်းဆိုင်အချို့တွင် အဆောက်အဦများပြိုကျပျက်စီးခြင်း၊ မြေအောက်သိုလှောင်ကန်များအပါအဝင် ဆီပန့်နှင့်ဆက်သွယ်ထားသော မြေအောက်ဆီပိုက်လိုင်းများ ပျက်စီး ချို့ယွင်းခြင်း၊ စက်သုံးဆီဖြန့်ဖြူးရာတွင်အသုံးပြုသည့် မီးစက်အချို့ ပျက်စီးချို့ယွင်းခဲ့သည့် အပြင် လျှပ်စစ်မီးလိုင်းများပြတ်တောက်မှုဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ပျက်စီးချို့ယွင်းမှုများအား အမြန်ဆုံးပြန်လည်ပြင်ဆင်ဆောင်ရွက်ရေး ကြီးကြပ် ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြည်ထောင်စုနယ်မြေ၊နေပြည်တော်အတွင်းရှိ အရောင်းဆိုင် စုစုပေါင်း(၁ဝ၅)ဆိုင်အနက် အရောင်းဆိုင်(၉ဝ)ခန့်နှင့် မန္တလေးတိုင်း ဒေသကြီးစည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ အရောင်းဆိုင်(၁၆၄)ဆိုင်တို့အား ပြင်ဆင်ပြီးစီးခဲ့သဖြင့် ပြန်လည် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ကျန်အရောင်းဆိုင်များအား ဆောလျင်စွာဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ စက်သုံးဆီအရောင်းဆိုင်များ အနေဖြင့် မည်သည့်ပျက်စီးချို့ယွင်းမှုမျှမရှိဘဲ ပုံမှန်အခြေအနေအတိုင်း ဆက်လက် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရန်အတွက် ကြိုတင်စီမံထားသည့်အတိုင်း သီလဝါသိုလှောင်ကန်စခန်းများတွင် ရက်သတ္တပတ်(၁) ပတ်စာခန့် သိုလှောင်ထားရှိပြီး ဖြစ်သည့်အပြင် ဆီတင်သင်္ဘောများမှာလည်း အဆက်မပြတ်ဝင်ရောက်လျက်ရှိရာ Jetty များတွင် (၄)စီး၊ ပင်လယ်ဝတွင်(၃)စီး၊ လမ်းခရီးတွင်(၃)စီးနှင့် ပြည်ပနိုင်ငံများတွင် စက်သုံးဆီ တင်ဆောင်နေသည့်သင်္ဘော (၁၁) စီးဖြစ်သဖြင့် စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်နိုင်မည် မဟုတ်ဘဲ ပုံမှန်ဖြန့်ဖြူးမှုများအပြင်လိုအပ်ပါက အရေးပေါ် Urgent ဖြန့်ဖြူးနိုင်ရေး စီမံဆောင်ရွက်ထားသည်။
သို့ဖြစ်ပါ၍ အများပြည်သူအနေဖြင့် လတ်တလောအခြေအနေကြောင့် စက်သုံးဆီ ပြတ်လပ်မှုဖြစ်ပေါ်မည်ဟု စိုးရိမ်စိတ်ဖြင့် မလိုအပ်ဘဲတန်းစီဝယ်ယူခြင်း၊ အပိုသိုလှောင်ထားခြင်း မပြုလုပ်ကြပါရန်နှင့် လိုအပ်သလောက်သာ ဝယ်ယူသုံးစွဲကြပါရန် စွမ်းအင်ဝန်ကြီးဌာနက အသိပေး နှိုးဆော်ထားသည်။