
၂၉. ၃. ၂၀၂၅
Written by Nyein Kyaw
ငလျင်ဒဏ်ကြောင့် ပြောင်းရွှေ့နေထိုင်ရသူများအတွက် အရေးပေါ် အစားအစာနှင့် လိုအပ်မှုများ ချက်ချင်းကူညီပေးနိုင်ရေးအပြင် အခြားပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် “MRF Operation AID – Action in Disaster” : (Task Force) စတင်ဖွဲ့စည်းကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အသိပေးကြေညာထားသည်။
မတ်လ ၂၈ ရက်(ယမန်နေ့)တွင် ဖြစ်ပွားခဲ့သည့် အင်အား အလွန်ပြင်းထန်သော မြေငလျင်ဘေးဒဏ် သက်ရောက်မှုခံရသူများနှင့် ဒေသများအား ကူညီရန်ရည်ရွယ်ပြီသည့် အဆိုပါ အစီအစဉ်သည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ညီနောင်အသင်းများနှင့် ဆန်စပါးလုပ်ငန်းကဏ္ဍမှ မိသားစုများ၏ လူအင်အား၊ အရင်းအမြစ်များနှင့် ပူးပေါင်းမှုစွမ်းအားများ၊ လူသားချင်း စာနာထောက်ထားမှုများကို အပြည့်အဝအသုံးချပြီး အရေးပေါ်အခြေအနေတွင် စားရေရိက္ခာအထောက်အပံ့ အကူအညီပေးရေးနှင့် ရေရှည်ပြန်လည်ထူထောင်ရေး လှုပ်ရှားမှုများကို လုပ်ဆောင်သွားမည့် အစီအစဉ်ဖြစ်ကြောင်း သိရသည်။
MRF Operation AID (Task Force) အဖွဲ့အနေဖြင့် ကယ်ဆယ်ရေးစခန်းများ၊ စုရပ်များသို့ ပြောင်းရွှေ့နေထိုင်ရသူများအတွက် အရေးပေါ် အစားအစာနှင့် လိုအပ်မှုများအတွက် ချက်ချင်းကူညီမှုများ စီစဉ်ပေးရန်၊ နိုင်ငံတော်အစိုးရ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများ၊ UMFCCI နှင့် စီးပွားရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ပြင် ထိခိုက်ပျက်စီး ပြိုပျက်နေသော အဆောက်အဦများ၊ အပျက်အစီးများအား Volunteer လုပ်အားပေး လုပ်သားများ၏ အကူအညီဖြင့် ကူညီရှင်းလင်းပေးရန်နှင့် မြို့ရွာများ၊ ရပ်ကွက်များတွင် လိုအပ်သည့် အကူအညီများအား ဆောင်ရွက်ပေးရန်၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ မိတ်ဖက်များနှင့် ပူးပေါင်း၍ Humanitarian Assistance များ၊ ရေတို/ရေရှည် အကူအညီများ၊ လုပ်ငန်းစဉ်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးရန်နှင့် ကူညီဆောင်ရွက်ပေးရန်ဖြစ်သည်။