
ငလျင်ဒဏ်သင့် မြန်မာနိုင်ငံအတွက် ကနဦး အကူအညီအဖြစ် ကုလသမဂ္ဂကလည်း အမေရိကန်ဒေါ်လာ ၅ သန်း ခွင့်ပြု
၂၉. ၃. ၂၀၂၅
Written by Thettant
ဥရောပသမဂ္ဂသည် ငလျင်ဘေးဒဏ်ခံ မြန်မာနိုင်ငံအတွက် ကနဦး အရေးပေါ်အကူအညီအဖြစ် ယူရို ၂.၅ သန်း ကူညီပံ့ပိုးရန် ဆုံးဖြတ်လိုက်သည်ဟု ယနေ့ထုတ်ပြန်လာမှုအရ သိရသည်။
ယခုထောက်ပံ့လိုက်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခွဲဝေချထားပေးမှုသည် မြန်မာနိုင်ငံရှိ အထိခိုက်လွယ်ဆုံးသူများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် အသက်များကို ကယ်တင်ရန်အတွက် အထောက်အကူဖြစ်စေမည် ဖြစ်သည်။
ဥရောပသမဂ္ဂသည် နောက်ထပ်အကူအညီများ ပေးအပ်ပံ့ပိုးနိုင်ရန်အတွက် မြေပြင်အခြေအနေနှင့် လိုအပ်ချက်များကို အကဲဖြတ်လျက်ရှိပြီး ယခုခွဲဝေချထားပေးမှုသည် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် ထောက်ပံ့ထားသော ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စုစုပေါင်း ယူရို ၃၅ သန်းအထိ ရောက်ရှိသွားစေမည်ဖြစ်သည်။
ထို့အတူ ကုလသမဂ္ဂကလည်း ငလျင်ဒဏ်သင့် မြန်မာနိုင်ငံအတွက် အရေးပေါ် အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၅ သန်း ခွဲဝေသတ်မှတ်လိုက်ပြီး နောက်ဆက်တွဲ လိုအပ်ချက်များကို စိစစ်တွက်ချက်ကာ ငလျင်ဘေးအန္တရာယ် တုံ့ပြန်ရာ၌ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကုလသမဂ္ဂအနေနဲ့ ငလျင်ဒဏ်တုံ့ပြန်ရေးကို လမ်းညွှန်ပေးဖို့အတွက် ထိခိုက်ခံစားရသူ အရေအတွက်၊ အခြေခံအဆောက်အအုံ ထိခိုက်ပျက်စီးမှု၊ လူသားချင်းစာနာမှုဆိုင်ရာ အရေးတကြီး လိုအပ်ချက်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို စုဆောင်းနေပါတယ်” ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတက်ဖန်း ဒူဂျာရစ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
Ref, EU & Xinhua