
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံနှင့် အတူတကွရှိနေမည်ဖြစ်ကြောင်းနှင့် မကြာမီကာလအတွင်း SAC ဥက္ကဋ္ဌနှင့် တွေဆုံဆွေးနွေးနိုင်မည်ဟု မျှော်လင့်ကြောင်း အိန္ဒိယဝန်ကြီးချုပ် ပြောကြား
SAC ဥက္ကဋ္ဌက မကြာမီကာလအတွင်း အဆွေတော်ဝန်ကြီးချုပ်နှင့် တွေဆုံ၍ နှစ်နိုင်ငံအကြား ဆွေးနွေးရန် ကိစ္စရပ်များကို ဆွေးနွေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြန်လည်ပြောကြား
၂၉. ၃. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၅၀ ခန့်က မန္တလေးမြို့၏ အရှေ့မြောက်ဘက် မီတာ ၂၀ ခန့်အကွာကို ဗဟိုပြုပြီး ပြင်းထန်စွာ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံအတွင်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့မှုများနှင့် ပတ်သက်ပြီး အကူအညီများ ပေးအပ်နိုင်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နေ့လယ်ပိုင်းတွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မစ္စတာနာရန်ဒရာမိုဒီနှင့် ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာများမှ ကြေညာထားသည်။

ယင်းကဲ့သို့ ပြောကြားစဉ် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က မိမိတို့နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့သည့် ကြောက်မက်ဖွယ် ဆိုးရွားသည့် ငလျင်လှုပ်ခတ်မှုသတင်းကို ကြားသိခဲ့ရသည့်အတွက် အိန္ဒိယနိုင်ငံသားများ အားလုံးအနေဖြင့် မြန်မာနိုင်ငံ၏ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများအပေါ် များစွာကြေကွဲဝမ်းနည်းရပါကြောင်း ပြောကြားသည်။
ထို့နောက် SAC ဥက္ကဋ္ဌက ယခုကဲ့သို့ မိမိတို့နိုင်ငံနှင့် ပြည်သူများအတွက် ဝမ်းနည်းကြောင်း ပြောကြားပေးသည့်အတွက် များစွာကျေးဇူးတင် ဝမ်းမြောက်မိကြောင်း၊ အိန္ဒိယနိုင်ငံ ပြည်သူများ၏ စာနာထောက်ထားမှုများအတွက်လည်း များစွာ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး မေးမြန်းရာ SAC ဥက္ကဋ္ဌက “ကျွန်တော်အခုတော့ ထပ်မံလှုပ်ရှားမှုတော့ မရှိတော့ပါဘူး။ သို့သော်လည်းပဲ Follow ငလျင်ငယ်လေးတော့ လှုပ်ပါတယ်။ ကျွန်တော် အခု တကယ့်ငလျင် အဓိက ဗဟိုချက်လှုပ်ခဲ့တဲ့ မန္တလေးမြို့ကို ကျွန်တော်ရောက်နေပါတယ်။ သေဆုံးတဲ့သူလည်း ၁၀၀၂ ယောက်ရှိပါတယ်။ ဒဏ်ရာရတာလည်း ၂၄၀၀ လောက်ရှိပါတယ်။ ပျောက်တဲ့သူတွေလည်း ရှိနေပါသေးတယ်။ တိုက်တွေကြားထဲမှာ ပိနေတဲ့သူတွေ၊ ပျောက်နေတဲ့သူတွေတော့ ကျန်ပါသေးတယ်။ ဒါတွေလည်း ကယ်ဆယ်တဲ့လုပ်ငန်းတွေ စပြီးလုပ်နေပါတယ်။ ဒီထက် ပိုနိုင်တဲ့အလားအလာလည်းများပါတယ်။ အဖြစ်အများဆုံးက ကျွန်တော်ရောက်နေတဲ့နေရာမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။ အဆွေတော်ရဲ့ အခုလို အားပေးစကားပြောတာရယ်၊ နောက် သတင်းဌာနတွေမှာလည်း အဆွေတော်တို့ဘက်က ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ လူတွေလွှတ်ပြီဆိုတာတွေလည်း ကျွန်တော်တို့ အများကြီးအားရှိပါတယ်။ ကျွန်တော်တို့ ပြန်လည်ကယ်ဆယ်ရေးလုပ်ငန်းပဲ အခု အဓိကထားပြီးလုပ်နေပါတယ်။ ရန်ကုန်နဲ့ နေပြည်တော်၊ နေပြည်တော်နဲ့ မန္တလေး ဆက်သွယ်ရေးလမ်းတွေလည်း ပျက်နေတာရှိပါတယ်။ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်တာတွေကို အခု ကျွန်တော် စပြီးလုပ်နေရပါတယ်” ဟု ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က ယခုကဲ့သို့ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့်အခြေအနေများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အဆွေတော်တို့အနေဖြင့် လက်ရှိကာလတွင် ခက်ခက်ခဲခဲ ရင်ဆိုင်ကျော်ဖြတ်နေရခြင်းကို နားလည်သဘောပေါက်ကြောင်း၊ မိမိတို့အိန္ဒိယနိုင်ငံတွင်လည်း ၂၀၀၁ ခုနှစ်က အလားတူပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုများစွာကြုံတွေ့ခဲ့ရကြောင်း ပြောကြားသည်။
ထို့ကြောင့် လက်ရှိကာလတွင် လူ့အသက်များနှင့် ပိုင်ဆိုင်မှုများ ဆုံးရှုံးခဲ့ရသည့် မြန်မာနိုင်ငံသားများအနေဖြင့် တကယ့်ကို ခက်ခဲသည့်အခြေအနေကို ကျော်ဖြတ်နေရပြီး မိမိတို့အနေဖြင့် မြန်မာနိုင်ငံသားများနှင့် အတူတကွရှိနေပြီး အဆွေတော်တို့နှင့်အတူ အခိုင်အမာရပ်တည်လျက်ရှိကြောင်း အိန္ဒိယဝန်ကြီးချုပ်က မိုဒီက ပြောကြားသည်။
ယနေ့ နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံဘက်မှ ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်ထားသည့် လေယာဉ်သည် မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီဖြစ်ပြီး လာမည့်ရက်များတွင်လည်း မြန်မာနိုင်ငံဘက်မှ လိုအပ်သည့် အကူအညီများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ကူညီကယ်ဆယ်မှုများကို ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံတွင် အသင့်စုဖွဲ့ထားရှိသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဆေးအကူအညီပေးရေးအဖွဲ့များကိုလည်း မြန်မာနိုင်ငံကို စောလျင်စွာ စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြောကြားသည်။
မြန်မာနိုင်ငံဘက်မှ လိုအပ်ချက်များကို မိမိတို့ထံအသိပေး အကြောင်းကြား၍ အိန္ဒိယနိုင်ငံအနေဖြင့် ဖြစ်နိုင်သမျှ အကူအညီများအားလုံးကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့ အခက်အခဲများကို ဖြတ်ကျော်နေချိန်တွင် အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် အတူတကွရှိနေသည်ကို ထပ်မံပြောကြားလိုကြောင်း၊ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် ညီရင်းအစ်ကို နိုင်ငံများဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အဆွေတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မကြာမီအချိန်ကာလအတွင်း တွေဆုံဆွေးနွေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြောကြားသည်။
SAC ဥက္ကဋ္ဌက ယခုကဲ့သို့ ကူညီဆောင်ရွက်ပေးမှုများနှင့် အားပေးမှုများအတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ မကြာမီကာလအတွင်း အဆွေတော်ဝန်ကြီးချုပ်နှင့် တွေဆုံ၍ နှစ်နိုင်ငံအကြား ဆွေးနွေးရန် ကိစ္စရပ်များကို ဆွေးနွေးနိုင်မည်ဟု ယုံကြည်ကြောင်း၊ ယခုကဲ့သို့ အားပေးကူညီမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။