
၂၉ .၃. ၂၀၂၅
Written by Hey Mar
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ Sky Villa အဆောက်အဦ ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျကာ ပိတ်မိနေသူတွေထဲက ၄၃ ဦးကို အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။



ဗဟိုမီးသတ်သင်တန်းကျောင်းနဲ့ ပြင်ဦးလွင်မြို့နယ် မီးသတ်စခန်းတို့က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။ စတင်ဖြစ်ပွားချိန်ကနေ အခုအချိန်အထိ ၄၃ ဦးကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ ၉ ဦးရဲ့ ရုပ်အလောင်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရပါတယ်။
Sky villa အဆောက်အဦက တိုက် လေးလုံးတွဲ ၁၁ ထပ် အဆောက်အဦးဖြစ်ပြီး တိုက် ၄ လုံးမှာ ၃ လုံး ပြိုကျကာ နောက်ဆုံးတစ်လုံးက အောက်လေးထပ် မြေကြီးထဲ ကျွံဝင်သွားတာလို့လည်း သိရပါတယ်။


ငလျင်ဒဏ်ခံ အဆောက်အဦလို့ ကြော်ငြာရောင်းချပေမယ့် ဘယ်လောက်ပမာဏအထိ လှုပ်ခတ်မှုကို ခံနိုင်တာလဲဆိုတာတော့ ထည့်သွင်းကြေငြာထားခြင်းမရှိပါဘူး။ လတ်တလောမှာ မန္တလေးရဲ့ လူထိခိုက်မှု အများဆုံးက အဆိုပါ Villa အတွင်းမှာ ပိုမိုများပြားကြောင်းနဲ့ လက်ရှိမှာတော့ Sky Villa ရဲ့ တာဝန်ယူထားသူတွေကို ဆက်သွယ်လို့ မရကြောင်းလည်း မြို့ခံတချို့က ပြောဆိုနေကြပါတယ်။