
၂၉. ၃. ၂၀၂၅
Written by Nyein Kyaw
ကမ္ဘောဇဘဏ်သည် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက် နေ့လယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ရစ်ချ(စ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အလွန်ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် နေရာဒေသများရှိ ကမ္ဘောဇဘဏ်ခွဲများ၊ အဆိုပါ ဘဏ်ခွဲများရှိ ဝန်ထမ်းများနှင့် အခြားငလျင်ဘေးသင့်ဒေသများအတွက် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။





ထိုသို့ဆောင်ရွက်ရာတွင် ကမ္ဘောဇဘဏ် နာယကကြီး ဦးအောင်ကိုဝင်း ဦးဆောင်သော ကမ္ဘောဇဘဏ်အဖွဲ့ဝင်များသည် ယမန်နေ့ လှုပ်ခတ်ပြီးနောက် အဆိုပါနေ့၌ပင် တောင်ကြီးမြို့၊ သစ်တောရပ်၊ ကားလေးကွင်းအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ကျောက်တုံးပိကာ လူနေဆိုင်ခန်းများ ပျက်စီးဆုံးရှုံးခဲ့မှုများကို ကိုယ်တိုင်သွားရောက် ကြည့်ရှုပြီး ဒဏ်ရာရရှိသူများအတွက် တစ်ဦးလျှင် ငွေကျပ် ၅၀၀,၀၀၀ စီ ထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ရှမ်းပြည်တောင်ပိုင်း၊ ရွှေညောင်တိုက်နယ်ဆေးရုံသို့ သွားရောက်ပြီး ဆရာဝန်များ၊ ဝန်ထမ်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ကူညီကယ်ဆယ်ထောက်ပံ့လှူဒါန်းခြင်း၊ အောင်ပန်းမြို့၊ ဟိုတယ်အောင်ပန်းရှိ ကယ်ဆယ်ရေးအဖွဲ့အတွက် အလှူငွေကျပ် သိန်း ၁၀၀၊ ထမင်းထုပ်များနှင့် အရေးပေါ် ကူညီကယ်ဆယ်ရေး ပစ္စည်းအပြည့်အစုံတို့ကို ပံ့ပိုးလှူဒါန်းခဲ့ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းတွင်လည်း ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသသို့ ဆက်လက်သွားရောက်ပြီး လိုအပ်သည့် ကူညီကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။