၂၀. ၁. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံကြား ဖြတ်သန်းစီးဆင်းနေသော Tiau မြစ်ကမ်းနားကို ဗုံးများကျရောက်ခဲ့သောအဖြစ်အပျက်နှင့်ပတ်သက်ပြီး စိုးရိမ်မှုဖြစ်ရကြောင်း အိန္ဒိယအစိုးရက ထုတ်ဖော်ပြောဆိုလိုက်သည်။
မြန်မာ့တပ်မတော်(လေ)သည် ဇန်နဝါရီ ၁၀ရက်နေ့က နယ်စပ်ဒေသရှိ ချင်းလက်နက်ကိုင်အဖွဲ့များကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာTiau မြစ်ကမ်းနားကို ဗုံးများကျရောက်ခဲ့သည့် ဖြစ်ရပ်ကို စုံစမ်းတွေ့ရှိခဲ့ကြောင်း၊ မြန်မာတပ်မတော်လေက ချင်းတပ်ဖွဲ့များကို တိုက်ခိုက်ချိန်အတွင်း အိန္ဒိယလေကြောင်းပိုင်နက်ကို ချိုးဖောက်ခြင်းမျိုးမရှိခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ အာရင်ဒမ် ဘတ်ချီက ထုတ်ဖော်ပြောဆိုလိုက်သည်။
၎င်းက “ကျွန်တော်တို့ ရရှိတဲ့သတင်းအချက်လက်များအရ မြန်မာ့တပ်မတော်(လေ)ဟာ နှစ်နိုင်ငံနယ်စပ်ဒေသအနီးမှာ ဇန်နဝါရီ ၁၀ရက်နဲ့ ၁၁ရက်နေ့တို့မှာ လေကြောင်း တိုက်ခိုက်မှုတွေရှိခဲ့တယ်။ အဲဒီတိုက်ခိုက်မှုအတွင်း အိန္ဒိယနိုင်ငံရဲ့လေကြောင်းပိုင်နက်ကို ချိုးဖောက်တာမျိုးမရှိခဲ့ဘူး။ ဒါပေမယ့် ဇန်နဝါရီ ၁၀ ရက်နေ့က တိုက်ခိုက်မှုမှာ အိန္ဒိယနဲ့ မြန်မာနိုင်ငံနယ်စပ်နားရှိတဲ့ Tiau မြစ်ကမ်းနားကို ဗုံးကျရောက်ခဲ့တယ်။ မီဇိုရမ်ပြည်နယ် Champai ဒေသက Farkawn ရွာနားကို ကျရောက်ခဲ့တယ်လို့ ပြောကြတယ်။ အဲဒီအဖြစ်ပျက်နဲ့ပတ်သက်ပြီး စိုးရိမ်မှုဖြစ်ရတယ်” ဟုဆိုသည်။
တပ်မတော်လေ၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အိန္ဒိယနိုင်ငံ Farkawn ရွာအနားကို ဗုံးများကျရောက်ခဲ့သော်လည်း အိန္ဒိယနိုင်ငံသားသေဆုံးခြင်းမျိုးမရှိခဲ့ကြောင်း အိန္ဒိယသတင်းများက ဖော်ပြခဲ့ကြသည်။
ref antaranews