
၂၉. ၃. ၂၀၂၅
Translated by Tha Doe
မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီတောင်းခံချက်အရ စင်ကာပူနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ SCDF (Singapore Civil Defence Force) သည် Operation Lionheart (OLH) တပ်ဖွဲ့ဝင် ၈၀ ကို ဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများကူညီလုပ်ဆောင်ရန်အတွက် စေလွှတ်လိုက်ပြီး အဆိုပါအဖွဲ့သည် ယနေ့ မတ်လ ၂၉ ရက် နေ့လယ် ၁ နာရီ မိနစ် ၂၀ ခန့်တွင် ချန်ဂီလေဆိပ်မှ ထွက်ခွာလာခဲ့သည်။




OLH တပ်ဖွဲ့ကို အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး Tay Zhi Wei ဦးဆောင်လာပြီး ထိရောက်မြန်ဆန် ထူးချွန်စွာ ကူညီနိုင်သော Disaster Assistance and Rescue Team (DART) အဖွဲ့ဝင်များ၊ တာဝန်ထမ်းဆောင်ရန်အသင့်တော်ဆုံးသော အမှုထမ်းများပါဝင်သော Operationally Ready National Servicemen (ORNS) အဖွဲ့ဝင်များအပြင် အချိန်ပြည့်တာဝန်ထမ်းဆောင်နေသော အမှုထမ်းဆေးဘက်ဆိုင်ရာဆရာဝန်များ၊ ဆေးပညာရှင်များ၊ ခွေးဖြင့် ကူညီကယ်ဆယ် ရှာဖွေရေးအထူးကျွမ်းကျင်သူများနှင့် ခွေး ၄ ကောင်၊ အန္တရာယ်ရှိပစ္စည်းများအား ကိုင်တွယ်နိုင်သူများနှင့် အထောက်အကူပြုအရာရှိများ၊ ကူညီကယ်ဆယ်နိုင်မည့် စက်ကိရိယာများစွာ ပါဝင်လာခဲ့သည်။
ထို့အပြင် SCDF အရာရှိ ၃ ဦးကိုလည်း ASEAN Emergency Response and Assessment Team (ERAT) ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ASEAN Coordinating Centre for Humanitarian Assistance on Disaster Management (AHA Centre) မှ ကြီးမှူး၍ မြန်မာနိုင်ငံသို့ စေလွှတ်ထားသည်ဟုလည်း သိရသည်။



မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၉ အဆင့်ရှိ ငလျင်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းတွင် ယနေ့နေ့လယ်ခင်းအထိစာရင်းများအရ လူဦးရေ ၁၀၀၀ ကျော် သေဆုံးခဲ့ရသလို ဘုရားပုထိုး၊ ဆေးရုံ၊ ဗလီ၊ ရုံ၊ နေအိမ်နှင့် လမ်းများ ရာထောင်ချီ ပျက်စီးခဲ့ရသလို မဟာဓာတ်အားလိုင်းများလည်း ပြတ်တောက်ခဲ့ရသည်။ ထို့အတွက် အစိုးရက နိုင်ငံတကာသို့ အရေးပေါ်အကူအညီတောင်းခံခဲ့ အမေရိကန်၊ တရုတ်၊ စင်ကာပူ၊ အိန္ဒိယ၊ ရုရှား စသည့် နိုင်ငံများမှ ကူညီမှု၊ ကယ်ဆယ်မှုနှင့် နိုင်ငံ့ခေါင်းဆောင်အချင်းချင်း ဖေးမကူညီမည့် ကတိသဝဏ်လွှာများ ပေးပို့ဆက်သွယ်ခဲ့ကြသည်။