
၂၉. ၃. ၂၀၂၅
Written by Nyein Kyaw
ယနေ့ နေ့လယ်ပိုင်း နောက်ဆုံးကောက်ယူရရှိသော စာရင်းများအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများအားလုံး၌ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၁၀၀၇ ဦး၊ ဒဏ်ရာရရှိသူစုစုပေါင်း ၂,၃၈၉ ဦး၊ ပျောက်ဆုံးနေသူ ၃၀ ဦးရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ နေ့လယ်ပိုင်းတွင် ထုတ်ပြန်ထားသည်။



မတ်လ ၂၈ ရက်(ယမန်နေ့)တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ရှားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူအချို့ အသက်သေဆုံးခဲ့ရမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့ရသဖြင့် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာနယ်မြေအလိုက်ဆောင်ရွက်လျက်ရှိသည်။
ယင်းကဲ့သို့ ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ငလျင်စတင်လှုပ်ခဲ့ပြီး နာရီပိုင်းအတွင်း နေပြည်တော်ရှိ ပျက်စီးဆုံးရှုံးမှုများအား သွားရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။


ယနေ့နံနက် အစောပိုင်းတွင်လည်း ထိခိုက်ပျက်စီးဆုံးရှုံးမှုများပြားခဲ့ရသည့် မန္တလေးတိုင်းဒေသကြီးသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများကို ရဟတ်ယာဉ်များဖြင့် ဦးစွာကြည့်ရှုစစ်ဆေးခဲ့ပြီး နန်းမြို့ရိုးတစ်လျှောက် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရမှု အခြေအနေများ၊ မန္တလေးမြို့အတွင်း အဆောက်အဦနှင့် လမ်းများပျက်စီးခဲ့ရမှု၊ မန္တလေးတက္ကသိုလ် ပင်မဆောင်ပြိုကျပျက်စီးမှုနှင့် မီးလောင်ပျက်စီးခဲ့ရမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ယင်းကဲ့သို့ ကြည့်ရှု့စစ်ဆေးနေစဉ်အတွင်း ပြိုကျပျက်စီးနေသည့် အဆောက်အဦများအတွင်း ပိတ်မိနေသူများအား အမြန်ဆုံးရှာဖွေ ဖော်ထုတ်နိုင်ရေး ဆောင်ရွက်သွားရန်၊ ပြန်လည်ဆယ်တင်ရေးလုပ်ငန်းများကို ဦးစားပေးအဆင့်အလိုက် ဆက်လက်ဆောင်ရွက်သွားရန်၊ သင်ကြားရေး၊ ကျန်းမာရေးအဆောက်အဦများအပြင် အဆောက်အဦသစ်များ ပြန်လည်တည်ဆောက်ရာ၌ မြန်မြန်ဆန်ဆန်နှင့် ခိုင်ခိုင်မာမာဖြစ်စေရေး ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။