
ယူနန်ပြည်နယ်မှာ ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ဝင် ၃၇ ဦးအပြင် Blue Sky Rescue (ယူနန်) အဖွဲ့ဝင် ၁၆ ဦးလည်း နယ်စပ်ဖြတ်ကျော်ကူညီရန် လာရောက်နေ
MT News
၂၉. ၃. ၂၀၂၅
မြန်မာနိုင်ငံ အစိုးရ၏တောင်းဆိုချက်အရ တရုတ်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံ၌ နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် တရုတ်နိုင်ငံကယ်ဆယ်ရေးအဖွဲ့ (China Search and Rescue Team) အား စေလွှတ်ခဲ့ကြောင်း မတ် ၂၉ ရက်တွင် တရုတ်နိုင်ငံ အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ သိရှိရသည်။


ယနေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံကယ်ဆယ်ရေးအဖွဲ့သည် Air China စင်းလုံးငှားလေယာဉ်ဖြင့် ပေကျင်းမြို့တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ငလျင်ဒဏ်သင့်ဒေသသို့ ထွက်ခွာသွားရောက်ခဲ့သည်။
မတ်လ ၂၈ ရက်တွင် မြန်မာနိုင်ငံ၌ ၇ ဒသမ ၉ အဆင့်ရှိ ငလျင်ဖြစ်ပွားခဲ့ရာ ကြီးမားသော လူသေဆုံးဒဏ်ရာရရှိမှုနှင့် ပစ္စည်းဥစ္စာဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်။
စုစည်းစီမံဖြန့်ကြက်မှုအရ မြန်မာနိုင်ငံ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများအား အစွမ်းကုန်ညှိနှိုင်းကူညီဆောင်ရွက်ပေးရန် တရုတ်နိုင်ငံ အရေးပေါ် စီမံခန့်ခွဲရေးဝန်ကြီးဌာနက CSRT တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင် ၈၂ ဦးကို ကယ်ဆယ်ရေးပစ္စည်းများနှင့်အတူ ငလျင်ဒဏ်သင့်ဒေသသို့ စေလွှတ်ခဲ့သည်။
တရုတ်နိုင်ငံကယ်ဆယ်ရေးအဖွဲ့ကို အဓိကအားဖြင့် ပေကျင်းမြို့ မီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့ချုပ်၊ တရုတ်နိုင်ငံ ငလျင် အရေးပေါ်တုံ့ပြန်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးဌာန၊ အရေးပေါ်အထွေထွေဆေးရုံကြီးမှ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည်။



တရုတ်နိုင်ငံ အရေးပေါ် စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်က ပေကျင်းမြို့တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရုတ်နိုင်ငံကယ်ဆယ်ရေးအဖွဲ့အား လိုက်ပါပို့ဆောင်ခဲ့သည်။ အဆိုပါတာဝန်ရှိပုဂ္ဂိုလ်က အဖွဲ့ဝင်အားလုံးအနေဖြင့် လူသားမျိုးနွယ် အေးအတူပူအမျှအသိုက်အဝန်း အယူအဆကို အရင်းခံကာ နိုင်ငံတကာ လူသားချင်းစာနာမှု စိတ်ဓာတ်ကို ပြန့်ပွားအောင် မြှင့်တင်ရန် မျှော်လင့်ကြောင်း၊ ညွှန်ကြားချက်များကို ခိုင်မြဲစွာမှတ်သား၍ တာဝန်များ ကျေပွန်စွာ ထမ်းဆောင်ကာ သိပ္ပံနည်းကျ ကယ်ဆယ်ပြီး လုံခြုံဘေးကင်းရေးကို သတိထားလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ သံမဏိကဲ့သို့ ခိုင်မြဲသောစိတ်ဓာတ်၊ ကျွမ်းကျင်မှုနှင့် ကြိုးပမ်းအနစ်နာခံမှုတို့ဖြင့် တရုတ်နိုင်ငံ၏ ကယ်ဆယ်ရေးအင်အား၏အရည်အသွေးကို ဖော်ပြကာ တရုတ်ပြည်သူများ၏ နက်ရှိုင်းလှသော ချစ်ကြည်ရင်းနှီးမှုအား လက်ဆင့်ကမ်း၍ ယခုအကြိမ် နိုင်ငံတကာ ကယ်ဆယ်ရေးတာဝန်အား အောင်မြင်စွာ ထမ်းဆောင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးဆေးကုသမှု အဖွဲ့ဝင် ၃၇ ဦးလည်း ယနေ့နံနက် ၇ နာရီ ၁၀ မိနစ်တွင် ရန်ကုန်လေဆိပ်သို့ ပထမဆုံး ရောက်ရှိလာခဲ့သလို နံနက် ၉ နာရီခွဲတွင်လည်း ကယ်ဆယ်ရေးတွင် အတွေ့အကြုံများသော၊ ကျွမ်းကျင်အရည်အချင်းရှိသော Blue Sky Rescue (ယူနန်) အဖွဲ့ဝင် ၁၆ ဦးသည် PPE အကာအကွယ်ပစ္စည်း၊ ဆေးဘက်ဆိုင်ရာအရေးပေါ်အထုပ်များ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ပြီးမီးပေးနိုင်သောကိရိယာ၊ မြို့ပြ ငလျင်ကယ်ဆယ်ရေးသုံး ကိရိယာများ (အဆောက်အဦဖြိုဖျက်ရေးကိရိယာများ) စသည့် ပစ္စည်းများကို ယူနန်ပြည်နယ် ရွှေလီနယ်စပ်မှ မြန်မာနိုင်ငံသို့ ထွက်ခွာခဲ့ပြီး မြန်မာနိုင်ငံ မူဆယ်မြို့သို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ကူညီရန် ထွက်ခွာလာခဲ့ပြီး ရောက်ရှိပါက ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်သည်။
Ref , Xinhua Chinese Embassy