
၂၉.၃.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုအနေနဲ့ မတ်လ ၂၈ ရက်မွန်းလွဲပိုင်းက မြန်မာနိုင်ငံအတွင်း လှုပ်ခတ်သွားခဲ့သော ငလျင်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုတွေအတွက် အကူအညီပေးသွားမယ်လို့ သမ္မတဒေါ်နယ်ထရန့်က မတ်လ ၂၈ ရက်မှာ ပြောခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ မဂ္ဂနီကျူ့ရှိ ငလျင်ကြောင့် အနည်းဆုံး လူ ၁၄၄ ဦးသေဆုံးကာ ၇၃၀ ဦးကျော်ဒဏ်ရာရခဲ့တယ်လို့ မတ်လ ၂၈ ရက် ညပိုင်းသတင်းတွေက ဆိုပါတယ်။ မြန်မာအစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံကို အရေးပေါ် အခြေအနေကြေညာခဲ့ပြီး နိုင်ငံတကာက အထောက်အပံ့တွေကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။
သမ္မတထရန့်က ငလျင်လှုပ်ခတ်အပြီး အိမ်ဖြူတော်မှာလုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲတစ်ခုမှာ “ကျွန်တော်တို့အနေနဲ့ ငလျင်ဘေးအတွက် ကူညီသွားမှာပါ။ လှုပ်ခတ်ခဲ့တဲ့ငလျင်ကတော့ အင်မတန်ကြောက်စရာကောင်းပါတယ်။ ကူညီဖို့အတွက်လည်း မြန်မာနိုင်ငံနဲ့ ဆွေးနွေးပြီးပါပြီ” လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် သူက ဘယ်လိုနည်းလမ်းနဲ့ ကူညီသွားမလဲဆိုတာ မပြောခဲ့ပါဘူး။
ထရန့်က နောက်ပိုင်းမှာ အမေရိကန်အစိုးရအနေနဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဆက်သွယ်မှုပြုခဲ့ကာ အမေရိကန်အနေနဲ့ အထောက်အပံ့ပေးသွားဖို့ အတည်ပြုခဲ့တယ်ဆိုတာ ထပ်မံပြောခဲ့ပါတယ်။ ဒီအတောအတွင်း USAID အဖွဲ့တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ထိုင်းနိုင်ငံကို ရောက်ရှိနေတယ်လို့ Reuters သတင်းဌာနက ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့အတွင်း ပျက်စီးဆုံးရှုံးမှုတွေဖြစ်စေခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် အရှေ့တောင်အာရှဒေသအတွင်း မြို့ကြီးတွေမှာ အဆောက်အအုံတွေပြိုကျပြီး လှုပ်ယမ်းမှုတွေ ဖြစ်ခဲ့ပါတယ်။ ငလျင်ဗဟိုချက်ဖြစ်တဲ့ မြန်မာနိုင်ငံ၊ မန္တလေးမြို့နဲ့ မိုင် ၆၀၀ နီးပါးဝေးတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာတောင် ဆောက်လုပ်ဆဲအထပ်မြင့်အဆောက်အအုံတစ်ခု ပြိုကျခဲ့ရပါတယ်။ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တို့မှာလည်း ငလျင်လှုပ်ခတ်မှုကို ကောင်းစွာခံစားခဲ့ရပါတယ်။
ထိုင်းနိုင်ငံမှာတော့ အာဏာပိုင်တွေက ငလျင်ကြောင့် အပျက်အစီးတွေခန့်မှန်းဖို့နဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ကူညီနိုင်ဖို့ဆောင်ရွက်နေပါပြီ။ မြန်မာနိုင်ငံအတွင်းမှာတော့ အခြေအနေက ပရမ်းပတာဖြစ်နေပြီး ငလျင်ဘေးသင့် ဒေသတွေကိုသွားနိုင်ဖို့က လဲဲပြိုကျနေတဲ့အဆောက်အအုံတွေနဲ့ ပျက်စီးနေတဲ့လမ်းတွေကြောင့်ခက်ခဲနေရပါတယ်။
Ref- The Economic Times