၂၀. ၁. ၂၀၂၃
translated by Htwe Ko Tun
ရုရှားနိုင်ငံအမျိုးသားလုံခြုံရေးကောင်စီ၏ ဒုတိယအကြီးအကဲနှင့် ရုရှားသမ္မတ ပူတင်၏ အဓိကလက်ထောက်တစ်ဦးဖြစ်သော ဒီမီထရီး မက်ဗီးဒက်ဗ်က ယူကရိန်းအရေး၌ ရုရှားကို ဝိုင်းဝန်းနှိပ်ကွပ်ကြရန် ကြိုးပမ်းကြခြင်းက နျူကလီးယားစစ်ပွဲသို့ ဦးတည်သွားလိမ့်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၉ ရက်တွင် ပြောခဲ့သည်။
ဂျာမနီနိုင်ငံတွင် ဇန်နဝါရီ ၂၀ က နေတိုးစစ်အုပ်စုမဟာမိတ်များနှင့် အခြားနိုင်ငံများ၏ ယူကရိန်းသို့ စစ်ရေးအထောက်အပံ့များ ပိုမိုပြုလုပ်သွားရေး ကတိပြုကြရန်ဟု ယုံကြည်ရသည့် အဓိကအစည်းအဝေးမတိုင်မီ ရုရှားသမ္မတဟောင်းလည်းဖြစ်သူ မက်ဗီးဒက်ဗ်က ၎င်း၏ Telegram လူမှုကွန်ရက်စာမျက်နှာတွင် ဤသို့ ရေးသားခဲ့ခြင်းဖြစ်သည်။
မက်ဗီးဒက်ဗ်က ၎င်း၏ပို့စ်တွင် “သမားရိုးကျစစ်ပွဲတစ်ခုမှာ နျူကလီးယားအင်အားကြီးနိုင်ငံတစ်ခုကို ရှုံးနိမ့်သွားစေဖို့ ဝိုင်းဝန်းနှိပ်ကွပ်ကြခြင်းက နျူကလီးယားစစ်ပွဲတစ်ခုဖြစ်ပွားဖို့ ဆွပေးနေသလိုဖြစ်တယ်။ နျူကလီးယားအင်အားကြီးနိုင်ငံတွေက သူတို့ရဲ့ ကံကြမ္မာကိုအဆုံးအဖြတ်ပေးမယ့် အဓိကစစ်ပွဲတွေမှာ ဘယ်တော့မှ အရှုံးခံမှာမဟုတ်ဘူး” ဟု ရေးသားသွားခဲ့သည်။
ရုရှားသမ္မတဟောင်း မက်ဗီးဒက်ဗ် အား ရုရှား-ယူကရိန်းစတင်ဖြစ်ပွားပြီးနောက်ပိုင်းတွင် ရန်လိုသော သဘောထားရှိသူအဖြစ် အနောက်နိုင်ငံများကသတ်မှတ်ကြသည်။
၎င်းက “‘ဒီလိုဖြစ်ပွားလာနိုင်တယ်ဆိုတာ မည်သူမဆို သိနိုင်ပါတယ်။ ထောက်လှမ်းရေးသတင်းအချို့ရထားတဲ့ အနောက်အုပ်စုနိုင်ငံတွေက နိုင်ငံရေးသမားတစ်ယောက်တောင်သိမှာပါ” ဟု ရေးသားသွားခဲ့သေးသည်။
အခြားသော ရုရှားအစိုးရအရာရှိများကလည်း နေတိုး စစ်အုပ်စုမဟာမိတ်များ၏ ဇန်နဝါရီ ၂၀ ရက် အစည်းအဝေးမတိုင်မီ သတိပေးပြောကြားချက်များပြုလုပ်ခဲ့ကြသည်။ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ယူကရိန်းအားလက်နက်ထောက်ပံ့ရန် အနောက်အုပ်စုနှင့် ဆွေးနွေးကြခြင်းမှာ အလွန်အန္တရာယ်ကြီးမားသောလုပ်ရပ်ဖြစ်ကြောင်း ဇန်နဝါရီလ ၁၉ ရက်က ပြောခဲ့သည်။
Ref—–CNN