
ဓာတ်ပုံ- ညောင်ဦးမြို့နယ်မီသတ်တပ်ဖွဲ့
၂၉. ၃. ၂၀၂၅
Written by Nyein Kyaw
ဖျက်အားပြင်း ငလျင်ဒဏ်ခံခဲ့ရသော်လည်း ရှေးဟောင်းသာသနာ့နယ်မြေ ပုဂံဘုရားများ ကြီးမားသည့် ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိခဲ့ကြောင်း ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။
မတ်လ ၂၈ ရက် (ယမန်နေ့)တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားရစ်(ချ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ရှားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို၌ ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူအချို့ အသက်သေဆုံးခဲ့ရမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့ရကြောင် SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။





ထိုသို့ ဖျက်အားပြင်းငလျင်လှုပ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှု သာသနာ့နယ်မြေအတွင်းရှိ ဘုရားစေတီပုထိုးများ ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုများ မရှိခဲ့ကြောင်း ဒေသခံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးထုတ်ပြန်ရာတွင် “လှုပ်ပြီးပြီးချင်း ကျနော်တို့ မီးသတ်အဖွဲ့တွေ စိုးရိမ်ကြီးစွာနဲ့ ကူညီ/ ကယ်ဆယ်ရေးတွေ လိုအပ်ရင် ဆောင်ရွက်ပေးဖို့ လှည့်ပတ်စစ်ဆေးဆောင်ရွက်ခဲ့ကြပါတယ်။ ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုမရှိခဲ့တာ တကယ်ကို ကံကောင်းလှပါတယ်” ဟု ရေးသားဖော်ပြထားသည်။
ထို့ပြင် သာသနာ့နယ်မြေ ပုဂံမြေအတွင်း သေဆုံးထိခိုက် ပျက်စီးမှုများသည့် အရပ်ဒေသမှ ပြည်သူများကိုလည်း ထိခိုက်မှုအနည်းဆုံးဖြစ်စေရန်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေလည်း များစွာရရှိနိုင်စေရန်နှင့် ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေကြသော မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံးလည်း ဘေးကင်းကြပါစေဟု ဆုတောင်းပေးထားသည်။