
၂၉.၃.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မတ်လ ၂၈ ရက်က ငလျင်ဒဏ်နဲ့ပြိုကျခဲ့တဲ့ ဆောက်လုပ်ဆဲမိုးပျံအဆောက်အအုံတစ်ခုရဲ့ အပျက်အစီးတွေအောက်မှာ လှောင်ပိတ်မိနေနိုင်တဲ့ အနည်းဆုံး လူ ၁၅ ဦးကို ပြန်လည်ကယ်ဆယ်နိုင်ဖို့ ထိုသူတွေရဲ့ အသက်ရှင်လျက်ရှိတဲ့ လက္ခဏာတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေထောက်လှမ်းရနေကြပါတယ်။
တွေ့ရှိတဲ့လက္ခဏာတွေအရ လှောင်ပိတ်မိနေသူတွေဟာ သုံးယောက်မှခုနစ်ယောက်ကြား အဖွဲ့လေးတွေနဲ့ ရှိနေတယ်လို့ ညွှန်ပြနေတယ်ဆိုတာ သဘာဝဘေးအန္တရာယ်တားဆီးရေးနဲ့ လျော့ပါးရေး ရုံးညွှန်ကြားရေးမှူး ဆူရီရာချိုင်း ရာဝီဝန်က ပြောခဲ့ပါတယ်။

“ကယ်ဆယ်ရေးအဖွဲ့တွေက ပိတ်မိနေသူတွေဆီကို အစားအစာနဲ့ ရေပို့ပေးနိုင်ဖို့ ကြိုးစားနေကြတယ်။ အခက်အခဲက သူတို့ထဲက တချို့ဆိုရင် သုံးမီတာ(ကိုးပေ) လောက်အနက်မှာ ရောက်နေကြတယ်။ လူတစ်ယောက်အနေနဲ့ ရေနဲ့အစာ မရှိဘဲနဲ့ ခန့်မှန်းခြေ ၇၂ နာရီလောက် အသက်ရှင်နိုင်မယ်ခန့်မှန်းတော့ အဲဒီလောက်အချိန်အတွင်း သူတို့ဆီကို ကယ်ဆယ်ရေးပစ္စည်းတွေ အရောက်ပို့နိုင်ရမှာပေါ့” လို့ သူက ဆက်ပြောခဲ့ပါတယ်။
အဆောက်အအုံပြိုကျ အပျက်အစီးတွေအောက်မှာ မူလက ၄၇ ဦးမှ ၁၀၀ ဦးအထိ ရှိနိုင်မယ်လို့ခန့်မှန်းချက်နဲ့ ပတ်သက်လို့ကတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို မတ်လ ၂၈ ရက် ညမှာ ခေတ္တရပ်ဆိုင်းခဲ့ပြီး မတ်လ ၂၉ ရက်နံနက်မှာ ပြန်လည်စတင်ခဲ့တာပါ။
ဘန်ကောက်မြို့ ဒုတိယအုပ်ချုပ်ရေးမှူး တာဗီဒါ ကာမိုလ်ဗက်ဂျ်က အဆောက်အအုံပြိုကျမှုမှာ မတ်လ ၂၈ ရက် ည အထိ သေဆုံးသူ ၁၀ ဦး၊ ဒဏ်ရာရသူ ၁၆ ဦးနဲ့ ပျောက်ဆုံးနေသူ ၁၀၁ ဦး ရှိတယ်လို့ ပြောခဲ့ပါတယ်။ ဘန်ကောက်မြို့တော်ဝန်ချဒ်ချတ် ဆစ်တီပန့် ကလည်း ဘန်ကောက်မြို့မှာရှိတဲ့ အဆောက်အအုံတွေရဲ့ကြံ့ခိုင်မှုစစ်ဆေးဖို့ အင်ဂျင်နီယာ ၁၃၀ ဦးကို ဖြန့်ချထားတယ်လို့ ပြောခဲ့ပါတယ်။
Ref- Thai pbs