
၂၉. ၃. ၂၀၂၅
Written by Nyein Kyaw
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က မြန်မာနိုင်ငံတွင် မြေငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံအကြီးအကဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ကရုဏာပြု တိုက်ရိုက်ဖုန်းခေါ်ဆို ဝမ်းနည်းကြောင်းပြောပြီး သဝဏ်လွှာပေးပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ ထုတ်ပြန်ထားသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတရှီကျင့်ဖျင်က မြန်မာနိုင်ငံသည် ပြင်းထန်သော ငလျင်ဘေးဒဏ်ကို ခံနေရကြောင်း သတင်းကြားသိရကြောင်း၊ ငလျင်ကြောင့် အသေအပျောက်နှင့် စည်းစိမ်ဥစ္စာများ ဆုံးရှုံးမှုကြီးမားစွာ ကြုံတွေ့နေရသည်ကို တရုတ်အစိုးရနှင့် ပြည်သူတို့ကိုယ်စား သေဆုံးသူများအတွက် လေးလေးနက်နက် ဝမ်းနည်းကြေကွဲကြောင်းနှင့် သေဆုံးသူများ၏ မိသားစုများ၊ ထိခိုက်ဒဏ်ရာရရှိသူများနှင့် သဘာဝဘေးသင့်ပြည်သူများအား အလေးအနက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်နှင့် မြန်မာသည် ပျော်ရွှင်ခြင်းနှင့်ခက်ခဲခြင်းကို အတူမျှဝေကျော်လွှားနိုင်သော အေးအတူပူအမျှ နိုင်ငံများဖြစ်ကြပြီး နှစ်နိုင်ငံပြည်သူများသည် လေးနက်သော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ဆက်ဆံရေးရှိပါသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် လိုအပ်သော အကူအညီများ ပေးအပ်ရန်နှင့်ပြည်သူများ သဘာဝဘေးဒဏ်ကို ကျော်လွှားပြီး နေအိမ်များကို အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရန် ကူညီပေးသွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့အတူ တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် Mr. Li Qiang သည် မြန်မာနိုင်ငံတွင် မြေငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ကရုဏာကြောင်း သဝဏ်လွှာကို ယနေ့တွင်ပင် ပေးပို့ခဲ့ကြောင်း သိရသည်။