
၂၉. ၃. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်ချက်ဖြင့် မန္တလေးတိုင်းအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပြည်သူများအတွက် ယာယီဆေးရုံများနှင့် ကူညီကယ်ဆယ်ရေးစခန်းများ ချက်ချင်းတည်ဆောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။






SAC ဥက္ကဋ္ဌသည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဒဏ်သင့်နေရာများအား သွားရောက်စစ်ဆေးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများကြောင့် နေထိုင်ရန်အခက်အခဲရှိသူများကိုလည်း ကိုဗစ် -၁၉ ဖြစ်ပေါ်စဉ်ကဲ့သို့ နေထိုင်ရန်နေရာများကို တာဝန်ရှိသူများက သက်ဆိုင်ရာနေရာများအလိုက် အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးသွားရန်နှင့် ရေ၊ မီးနှင့် နေထိုင်ရန်နေရာများ အဆင်ပြေမှုရှိစေရေး၊ စားသောက်မှု အဆင်ပြေစေရေး အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးသွားရန်လိုကြောင်း မှာကြားခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအတွင်း လက်ရှိအချိန်အထိ နောက်ဆုံးကောက်ယူရရှိသော စာရင်းများအရ ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့ရသူ ၆၉၄ ဦး၊ ဒဏ်ရာရရှိသူ ၁၆၄၀ ဦး၊ ပျောက်ဆုံးနေသူ ၆၈ ဦး၊ နေအိမ် ၁၅၉၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၆၇၀ ကျောင်း၊ စာသင်ကျောင်း ၆၀ ကျောင်း၊ တံတား ၃ ခု၊ ဘုရားစေတီ ၂၉၀ ခုတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် အသေးစိတ်စာရင်းအား ဆက်လက်ကောက်ယူလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။