
၂၉.၃.၂၀၂၅
Written By Zun
မြန်မာနိုင်ငံတွင် မြေငလျင်ကယ်ဆယ်ရေးအတွက် ရုရှားက ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင် (၁၂၀) လာရောက်မည်ဖြစ်ကြောင်း ရုရှားဒေသတွင်း သတင်းများက ရေးသားကြပြီးနောက် ယနေ့နံနက်ပိုင်းတွင် ရောက်ရှိလာခဲ့သည်။
ယမန်နေ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့သော အပြင်းထန်ဆုံးနှင့် ဖျက်အားပြင်း စစ်ကိုင်းမြေငလျင်ကြောင့် ဖြစ်ပေါ်ခဲ့သည့်အခြေအနေများအပေါ် ကယ်ဆယ်ရေးလုပ်ဆောင်ရန် ရုရှားအရေးပေါ်အခြေအနေဌာနက အထက်ပါအတိုင်း စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ရုရှားသမ္မတနဲ့ အရေးပေါ်ဝန်ကြီးရဲ့ အမိန့်အရ ရုရှားကယ်ဆယ်ရေးသမားတွေဟာ မော်စကိုမြို့အပြင်ဘက် Zhukovsky လေဆိပ်ကနေ လေယာဉ်နှစ်စင်းနဲ့မြန်မာနိုင်ငံကို ထွက်ခွာသွားပါပြီ” ဟု ရုရှားအရေးပေါ်ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မီဒီယာများကို ပြောဆိုထားကြောင်း ဖော်ပြထားသည်။
အဆိုပါလေယာဉ်နှစ်စင်းတွင် အင်အားပြင်းငလျင်များအပါအဝင် သဘာဝဘေးအန္တရာယ်များ၏ အကျိုးဆက်များကို ကိုင်တွယ်ဖြေရှင်းရာတွင် အတွေ့အကြုံများစွာရှိကြသည့်ကယ်ဆယ်ရေးသမားများ၊ မေ့ဆေးနှင့် ခွဲစိတ်ဆရာဝန်များ၊ စိတ်ကျန်းမာရေး ဆရာဝန်များ ပါဝင်ကြောင်း၊ ယင်းအပြင် ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ရန် လိုအပ်သည့် ကိရိယာ အစုံအလင် စသည်တို့ ပါရှိကြောင်း သိရသည်။
မတ်လ ၂၈ ရက် ယမန်နေ့က လှုပ်ခတ်သောငလျင်ကြောင့် ကနဦး ၁၄၄ ဦးသေဆုံးပြီး ၇၃၂ ဦး ဒဏ်ရာရရှိကာ သေဆုံးဒဏ်ရာရမှု ထပ်မံတိုးလာနိုင်ကြောင်း နစက ဥက္ကဌက ပြောကြားထားသလို့ ယနေ့နံနက်ပိုင်းစာရင်းများအရ မန္တလေးတွင်ပင် သေဆုံးသူ ၇၀၀ ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။ ယင်းကြောင့် အရေးပေါ်အခြေအနေ ကြေညာ၍ ပြည်ပအကူအညီများ လမ်းဖွင့်ပေးထားပြီး AHA စင်တာနှင့် အိန္ဒိယနိုင်ငံမှ အကူအညီများလည်း ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ စစ်ကိုင်းနှင့် မန္တလေးကို ဗဟိုပြုသည့် ပြင်းအားမြင့်ငလျင်ကြောင့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ထိုင်း၊ မြန်မာနှင့် တရုတ်နိုင်ငံများတွင်ပါ သက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံတွင်လည်း အထပ် ၃၀ ကျော်မြင့် အစိုးရ အဆောက်အအုံပြိုကျခဲ့သည့်အတွက် သေဆုံးမှုများ ရှိကြောင်း သိရသည်။