
လက်ရှိစာရင်းအရ မန္တလေးတိုင်းအတွင်း ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့ရသူ ၆၉၄ ဦး၊ ဒဏ်ရာရရှိသူ ၁,၆၄၀ ဦး၊ ပျောက်ဆုံးနေသူ ၆၈ ဦးရှိ
၂၉. ၃. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဒဏ်သင့်နေရာများအား သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။



မတ်လ ၂၈ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ရှားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူအချို့ အသက်သေဆုံးခဲ့ရမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့ရသဖြင့် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာနယ်မြေအလိုက် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ SAC ဥက္ကဋ္ဌသည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ နံနက်အစောပိုင်းတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများပြားခဲ့ရသည့် မန္တလေးတိုင်းဒေသကြီးသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများကို ရဟတ်ယာဉ်များဖြင့် ဦးစွာ ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများ၊ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများကို တင်ပြကြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အမြန်ဆုံးဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံ၊ ဆေးခန်းများ၌ အမြန်ဆုံးပို့ဆောင်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို စစ်ဘက်၊ အရပ်ဘက်မှ ဆေးမှူးပါရဂူများဖြင့် အမြန်ဆုံးဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ သေဆုံးခဲ့ရသူများကိုလည်း ကောင်းမွန်စွာဖြင့် သင်္ဂြိုဟ်ခြင်းများ ဝိုင်းဝန်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ပျက်စီးဆုံးရှုံးမှုများကြောင့် နေထိုင်ရန်အခက်အခဲရှိသူများကိုလည်း ကိုဗစ် -၁၉ ဖြစ် ပေါ်စဉ်ကဲ့သို့ နေထိုင်ရန်နေရာများကို တာဝန်ရှိသူများက သက်ဆိုင်ရာနေရာများအလိုက် အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးသွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။



ရေ၊ မီးနှင့် နေထိုင်ရန် နေရာများ အဆင်ပြေမှုရှိစေရေး၊ စားသောက်မှု အဆင်ပြေစေရေး အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးများအလိုက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး လေယာဉ်ကွင်းနှင့် လေယာဉ်ပြေးလမ်းများကို အမြန်ဆုံးကောင်းမွန်အောင် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို SAC ဥက္ကဋ္ဌက လမ်းညွှန်မှာကြားခဲ့ကြောင်းပြီး မန္တလေးမြို့အတွင်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့မှု အခြေအနေများကို ဆက်လက်လိုက်လံကြည့်ရှု စစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း လက်ရှိအချိန်အထိနောက်ဆုံးကောက်ယူရရှိသော စာရင်းများအရ ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့ရသူ ၆၉၄ ဦး၊ ဒဏ်ရာရရှိသူ ၁၆၄၀ ဦး၊ ပျောက်ဆုံးနေသူ ၆၈ ဦး၊ နေအိမ် ၁၅၉၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၆၇၀ ကျောင်း၊ စာသင်ကျောင်း ၆၀ ကျောင်း၊ တံတား ၃ ခု၊ ဘုရားစေတီ ၂၉၀ ခုတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် အသေးစိတ်စာရင်းအား ဆက်လက်ကောက်ယူလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။