
၂၉ .၃ .၂၀၂၅
Written by Hey Mar
မနေ့က လှုပ်ခတ်သွားတဲ့ ပြင်းအားမြင့် ငလျင်ကြောင့် မန္တလေး Sky Villa ကွန်ဒိုပြိုကျမှုမှာ သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် ဒေါ်မိုးသီတာရွှေနဲ့ မိသားစုဝင်တချို့ သေဆုံးခဲ့တယ်လို့ သုခဒိုင်းမွန်းစိန်တိုက်ရဲ့ လူမှုကွန်ရက်ပေ့ခ်ျကနေ ဖော်ပြလာပါတယ်။



“အဲဒီဖြစ်စဉ်ကြောင့်ပဲ မန္တလေးနဲ့ မိတ္ထီလာက ဆိုင်ခွဲတွေ အားလုံး ခဏပိတ်ထားတယ်။ ဒေါ်မိုးသီတာရွှေရယ်၊ သမီးကြီးရယ်၊ သားမက်ရယ်၊ သူတို့ဇနီးမောင်နှံရယ်၊ သမီးလေးရယ် ဆုံးတယ်။ သမီးအငယ်နဲ့ အဆိုတော် ရဲနောင်တို့ စုံတွဲက မန္တလေးမှာ ရှိမနေဘူး”လို့ သုခဒိုင်းမွန်းစိန်တိုက်နဲ့ နီးစပ်သူက အတည်ပြုပါတယ်။
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြားက ၁၁ ထပ်အမြင့်ရှိတဲ့ Sky Villa Condo မှာ မနေ့က ငလျင်ဒဏ်ကြောင့် ပြိုကျကာ မြေကြီးထဲ ၄ ထပ်ခန့် ကျွံဝင်သွားခဲ့တာပါ။ သုခဒိုင်းမွန်းစိန်တိုက်က အဆိုပါကွန်ဒိုရဲ့ မြေညီထပ်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လူအများအပြားလည်း ပိတ်မိသေဆုံးခဲ့သလို တချို့ကိုလည်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။