
လတ်တလော ၆ အုပ်စုခွဲ၍ တစ်နေ့မီးပေးနိုင်ရန် လုပ်ဆောင်နေ
၂၉.၃.၂၀၂၅
Written By Zun
ဖျက်အားပြင်း စစ်ကိုင်းမြေငလျင်ကြောင့် ရွှေလီဓာတ်အားလိုင်းများ၊ ရဲရွာလိုင်းများ ပြိုလဲမှုဖြစ်ခြင်း၊ ခွဲရုံများ ပျက်စီးခြင်းများဖြစ်နေ၍ ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး လျှပ်စစ်မီးမရနိုင်ကြောင်း MT News က စုံစမ်းသိရှိရသည်။







“မဟာဓာတ်အားလိုင်းမှာ ပျက်စီးသွားတဲ့ ပစ္စည်းတွေက ရုတ်တရက် ထည့်လို့မရဘူး။ ရန်ကုန်က ၃၅၀ မဂ္ဂါဝပ်လောက်ပဲ ရတော့တယ်။ ၂၃၀ ထရန်စဖော်မာကြီးတွေ လဲသွားတာ၊ ကျိုးသွားတာ၊ ဆက်စပ်ပစ္စည်းတွေ ပြိုကျတာတွေ ခွဲရုံတွေမှာ ဖြစ်တာတွေလည်း ရှိတယ်။ အဲဒီပစ္စည်းတွေက အခု ချက်ချင်း လဲချင်တယ်ဆိုလို့ မရဘူး။ ပစ္စည်းတွေက ဒီမှာ အဆင်သင့်မရှိဘူး။ တန်ဖိုးကြီးနဲ့ နည်းပညာမြင့်ပစ္စည်းတွေ ဖြစ်လို့ နိုင်ငံခြားကို မှာရမှာ၊ ဝယ်ရမှာ ရှိတယ်။ အားလုံးပြည့်စုံဖို့ မလွယ်ဘူး။ ချက်ချင်းမလွယ်ဘူး။ ဒါကြောင့် ရန်ကုန်က မဟာဓာတ်အားလိုင်းကနေ လျှပ်စစ်ယူလို့ မရပါဘူး။ ဒါကြောင့် ရန်ကုန်မှာပဲ ထုတ်တဲ့ အင်အားလေးပဲ ရှိတော့တာ”ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။
မြေငလျင် လှုပ်ခတ်မှုသဘာဝဘေးဆိုင်ရာအခြေအနေအရ ရန်ကုန်သို့ ပင်မဓာတ်အားလိုင်းများမှ ပို့လွှတ်သည့် ဓာတ်အားဝင်ရောက်နိုင်ခြင်းမရှိသည့်အတွက် အဆိုပါကာလအတွက် ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး၏ မြို့နယ်အသီးသီးကို အုပ်စု (၆)ခုခွဲ၍ ရေတင်နိုင်ရန် တစ်ကြိမ်ဓာတ်အားရချိန် လေးနာရီသာ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း YESC ကလည်း ထုတ်ပြန်ထားသည်။
“ဥပမာ အနေနဲ့ မနက် ၅ နာရီက ၉ နာရီထိ အုပ်စု(A)ကို အလှည့်ကျ ဓာတ်အားပေးထားတဲ့အချိန်မှာ အုပ်စု (A)က အရင် နဂိုအုပ်စု (AB)အရဖြစ်စေ၊ အုပ်စု(ABC)အရဖြစ်စေ ပါဝင်ခဲ့ဖူးတဲ့ အုပ်စု မဟုတ်ဘဲ အခု (၆)အုပ်စု ABCDEF အရ သတ်မှတ်ထားတဲ့ အုပ်စု A Group အသစ်ဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်က ဘယ်အုပ်စုမှာ ပါတယ်ဆိုတာ မသိနိုင်တာကြောင့် မီးလာချိန်ကိုစောင့်ပြီး ရေတင်တာ အားသွင်းတာတွေကို မပြုလုပ်ကြဖို့လိုပါတယ်”ဟု YESC တာဝန်ရှိသူက ပြောသည်။