
နိုင်ငံတကာ အကူအညီပေးမည့်အဖွဲ့များထဲတွင် ပထမဆုံးအဖွဲ့လည်း ဖြစ်ဟုဆို
၂၉.၃.၂၀၂၅
Written By Zun
တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ အဖွဲ့ဝင် ၃၇ ဦးပါ ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ ယနေ့ မတ်လ ၂၉ ရက် နံနက် ၆ နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံ၏ ငလျင်ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အချိန်မီအရေးပေါ်ကူညီရန် ငလျင်ဖြစ်ပြီး ၁၈ နာရီအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိလာသော အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့ဖြစ်ကြောင်းလည်း သိရသည်။
တရုတ်-မြန်မာ အစဉ်အလာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနှင့် အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ဖြင့် ပျက်စီးဆုံးရှုံးမှုများသော နေပြည်တော်သို့ အမြန်သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများကို ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။



အဆိုပါ အဖွဲ့ကိုမြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံရုံးယာယီတာဝန်ခံ Ms. Cao Jing နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က လေဆိပ်တွင် ကြိုဆိုခဲ့ကြကြောင်း သိရသည်။ အဆိုပါ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကယ်ဆယ်ရေး ဆေးကုသမှုအဖွဲ့သည် ကူမင်း Changshui အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အသက်ကယ်ကိရိယာ (Life detectorများ၊ ငလျင်ကြိုတင်သတိပေးစနစ် (Earthquake early warning systemများ၊ ခရီးဆောင်ဂြိုလ်တု (Pportable satellite)များနှင့် ဒရုန်းများ အပါအဝင် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ စုစုပေါင်း ၁၁၂ စုံသယ်ဆောင်ပြီး မြန်မာနိုင်ငံသို့ ထွက်ခွာလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
China Earthquake Networks Center ၏ အဆိုအရ မြန်မာနိုင်ငံတွင် ရစ်ခ်ျတာစကေး ၇ ဒသမ ၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သောကြောင့် စစ်ကိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့ အပါအဝင် နေရာအများအပြားတွင် အသေအပျောက်နှင့် အိုးအိမ်ပစ္စည်းများ တော်တော်ဆုံးရှုံးခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။




သဘာဝဘေးအန္တရာယ် ဖြစ်ပွားပြီးနောက် တရုတ်နှင့် မြန်မာနှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ တရုတ်အစိုးရက မြန်မာနိုင်ငံတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်း စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ တရုတ်ဗဟိုအစိုးရ၏ အလုံးစုံစီမံချက်အရ ယူနန်ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူး Mr. Wang Ning နှင့် ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Wang Yubo တို့က ညွှန်ကြားညှိနှိုင်းခဲ့ကြကာ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၊ ပြည်နယ်အရေးပေါ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ကျန်းမာရေးကော်မရှင်၊ China Eastern Airlines ယူနန်ကုမ္ပဏီနှင့် အခြားဌာနများက ထောက်ပံ့ရေးပစ္စည်းများကို ညတွင်းချင်း စုစည်း၍ မြန်မာနိုင်ငံသို့ အရေးပေါ်အကူအညီများပေးရန် ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့များ စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် ပြင်းထန်ရှားပါးသဘာဝဘေးဒဏ်ကို ရင်ဆိုင်ရချိန် ယူနန်ပြည်နယ်က မြန်မာနိုင်ငံကို တတ်နိုင်သမျှ ကူညီပံ့ပိုးပေးမည် ဖြစ်ကြောင်း၊ ငလျင်ဒဏ်ကယ်ဆယ်ရေးနှင့် ဒဏ်ရာရသူများကို အပြည့်အဝ ကုသပေးမည် ဖြစ်ကြောင်း သိရသည်။