၂၀. ၁. ၂၀၂၃
Written by Nay Aung
ယခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်အတွင်း အာရုံစိုက်ထားသည့်ကိစ္စများသည် နှစ်ပေါင်းများစွာကြာ ပဋိပက္ခဖြစ်ပွားနေသော မြန်မာ့နိုင်ငံရေးပြသာနာကို ဖြေရှင်းနိုင်ရေးသာမက အခြားဒေသအတွင်းကိစ္စများကိုဖြေရှင်းနိုင်ရေးတို့ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ အာဆီယံရေးရာပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Sidharto Suryodipuro က ပြောသည်။
၂၀၂၁ ခုနှစ် အစောပိုင်းကဖြစ်ပွားခဲ့သော အာဏာထိန်းသိမ်းမှုမဖြစ်ပွားခင်တည်းက မြန်မာ့နိုင်ငံရေးအခက်အခဲသည် ခက်ခဲရှုပ်ထွေးမှုများရှိနေခဲ့သည်။ မြန်မာ့နိုင်ငံရေးအခက်အခဲသည် နှစ်ပေါင်းများစွာကြာဖြစ်ပွားနေသော ပြသာနာဖြစ်ရာ ပါးနပ်လိမ္မာစွာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း မြန်မာ့နိုင်ငံရေးအခက်ခဲအကျပ်တည်းများကို ဖြေရှင်းရေးကြိုးပမ်းမှုများသည် အမြဲတမ်း ပွင့်လင်းမြင်သာစွာလုပ်ကိုင်လို့ ရနိုင်မည်မဟုတ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ အာဆီယံရေးရာပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။
၎င်းက ” မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေးအခက်အခဲကို မြန်မာ့နိုင်ငံရေးမှာပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံးကြား ဖြေရှင်းရမှာဖြစ်တယ်။” ဟုဆိုသည်။
မြန်မာ့နိုင်ငံရေး ပြဿနာများရှိနေသည့်ကြားမှ အင်ဒိုနီးရှားသည် အာဆီယံအသိုက်အဝန်းတည်ဆောက်ရေး အာရုံစိုက်မှုကို ပြောင်းလဲမည်မဟုတ်ကြောင်း၊ ဒေသတွင်း၌ဖြစ်ပွားနေသည့် ပထဝီနိုင်ငံရေးစိန်ခေါ်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး စိန်ခေါ်မှုများကို တုံပြန်မှုအဖြစ် ဒေသအတွင်းဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီသည် မြန်မာ့နိုင်ငံရေးအခက်ခဲများကို ဖြေရှင်းနိုင်ရန်အတွက် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်းက မြန်မာ့နိုင်ငံရေးအခက်အခဲသည် အာဆီယံဒေသဖွံ့ဖြိုးတိုးတက်ရေးအပေါ် ဓားစာခံ ဖြစ်လာမည့်အချက်ကို လက်ခံမည်မဟုတ်ကြောင်း မကြာသေးမီကထုတ်ဖော်ပြောဆိုခဲ့သည်။
ref antaranews