
MT News
၂၈. ၃. ၂၀၂၅
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတွင် ယနေ့ ဖြစ်ပွားခဲ့သည့် ငလျင်အတွက် ကူညီရန် အဆင်သင့်စီစဥ်ထားကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီက ဖွင့်ဟ ပြောကြားလိုက်သည်။

မြန်မာနှင့် ထိုင်းနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်လာသော အခြေအနေကို စိုးရိမ်မိပါသည်။ လူတိုင်းဘေးကင်းလုံခြုံစွာနှင့် ကျန်းမာပျော်ရွှင်စေရန် ဆုတောင်းပေးနေပါသည်။ အိန္ဒိယနိုင်ငံအနေဖြင့် ဖြစ်နိုင်သမျှကူညီပံ့ပိုးမှုများကို အဆင်သင့်ပြုထားပြီး ဤကိစ္စနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ အစိုးရအဖွဲ့ကို အဆင်သင့်ဖြစ်နေရန် ညွှန်ကြားထားသလို အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန (MEA) အား မြန်မာနှင့် ထိုင်းအစိုးရများနှင့် ဆက်သွယ်မှုမပြတ်ရန် ညွှန်ကြားထားပါသည်ဟုလည်း မိုဒီက X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

မြန်မာနိုင်ငံတွင် ယနေ့ဖြစ်ပွားသည့် ပြင်းအားမြင့်ငလျင်မှာ ၇ ဒသမ ၇ အထိ ရှိခဲ့ပြီး ထိုင်းနိုင်ငံတွင်တည်ဆောက်ဆဲ အထပ် ၃၀ ကျော် အစိုးရအဆောက်အအုံတွင် လူ ၁၀၀ ကျော် ပျောက်ဆုံးခဲ့သလို မြန်မာနိုင်ငံတွင်လည်း ဘုရားပုထိုး၊ လမ်း၊ တံတား၊ ဘုန်းကြီးကျောင်း၊ ရုံး၊ ဆေးရုံ၊ ဗလီ များစွာ ပြိုပျက်ခဲ့သဖြင့် လူရာချီ သေဆုံးဖွယ်ရှိနေသလို လူနာများပြားသဖြင့် သွေးလှူပေးရန်ပါ အစိုးရက မေတ္တာရပ်ခံနေရသည်။