ငလျင်ကြောင့် သေဆုံးဒဏ်ရာရမှု များပြားသဖြင့် သွေးလှူဒါန်းပေးနိုင်ရန်ပါ အစိုးရက မေတ္တာရပ်ခံ





၂၈.၃.၂၀၂၅
Written by Hey Mar
ဒီနေ့မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မြန်မာပြည်အနှံ့ ပျက်စီးဆုံးရှုံးမှု လူသေပျောက်မှုတွေ အချိန်နဲ့အမျှတိုးလာနေပါတယ်။ နေပြည်တော်မှာလည်း မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအနှံ့ သေဆုံးသူဦးရေ ငါးဆယ်ကျော်နဲ့ အများအပြား ဒဏ်ရာရရှိထားတယ်ဆိုပြီး ဆက်သွယ်လာသူ အယောက် ၃၀၀ နီးပါးရှိနေပြီလို့ လူမှုကူညီကယ်ဆယ်ရေးသမားတွေ ပူးပေါင်းကူညီရာမှာ ချိတ်ဆက် ဆက်သွယ်မှုတွေအရ ရရှိတဲ့ သတင်းတချို့ကို နေပြည်တော် အခြေစိုက် ကရုဏာရှင် လူမှုကူညီရေးအသင်းမှ MT News ကို ပြောပါတယ်။
“ကျွန်တော်တို့နိုင်ငံမှာ ဒီလောက်ပြင်းထန်တဲ့ ငလျင်မျိုး မတွေ့ဖူး မကြုံဖူးသေးတော့ ငလျင်လှုပ်ရင် ဘယ်လို နေထိုင်ရမယ်ဆိုတာ မသိရှိကြတာကြောင့် ဒီလောက်များများ ထိခိုက်ကြတာ။ ကျွန်တော်တို့ ကယ်ဆယ်ရေးသမားတွေတောင် ဘယ်ကစရမှန်းမသိအောင် သွေးပျက်မိတယ်။ အခု ကျွန်တော်တို့အသင်းက အလောင်းဆွဲထုတ်သယ်ပေးရတာပဲ နှစ်ဆယ်လောက်ရှိပြီ။ ဆေးရုံတွေမှာကိုက ကုသဖို့ အခက်အခဲ ဖြစ်တဲ့အထိ ထိခိုက်ထားကြတယ် ။ ဥတ္တရသီရိဘက်က ကုတင် ၃၀၀ ထိထားတယ်။ ကုတင် ၁၀၀၀လည်း ထိထားပါတယ်”လို့ ကရုဏာရှင်လူမှုကူညီရေးအသင်းမှ ကိုခန့်ဖြိုးဟိန်းက ဆိုပါတယ်။




ဆိုးဆိုးရွားရွား ထိခိုက်မိတဲ့ ပုံစံတွေက ငလျင်လှုပ်တဲ့အခါ အိမ်ထဲကနေပြေးထွက်ပြီး ခြံစည်းရိုးဘေး ကပ် ရပ်နေမိရာက ခြံစည်းရိုး အုတ်တံတိုင်းပြိုကျ ပိမိတာ မျိုးလည်း ပါဝင်တယ်လို့ သိရပါတယ်။ နေပြည်တော်တစ်ဝိုက် အထိများတဲ့ နေရာတွေက နေပြည်တော် ကုတင် ၃၀၀၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်ထဲက သစ်တပ်၊ ကျောက်ချပ် စတဲ့ နေရာတွေလို့ သိရပါတယ်။
လက်ရှိမှာ ဒီပြင်းထန်တဲ့ ငလျင်ကြောင့် သေဆုံးဒဏ်ရာရမှုတွေများပြားလို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော် ကောင်စီ နယ်မြေ တို့ရှိ ပြည်သူ့ဆေးရုံတွေမှာ အများအပြားတက်ရောက်ဆေးကုသမှုခံယူရလျက် ရှိကာ အရေးပေါ်သွေးလိုအပ်မှုများစွာရှိနေတာကြောင့် သွေးအလှူရှင်များအနေနဲ့ ဆေးရုံများသို့ အမြန်ဆုံးဆက်သွယ်ပြီး သွားရောက်လှူဒါန်းပေးနိုင်ကြဖို့လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မေတ္တာရပ်ခံထားပါတယ်။