


၂၈ .၃ .၂၀၂၅
Written by Hey Mar
ပြီးခဲ့ နာရီပိုင်းအတွင်းက လှုပ်ခတ်သွားတဲ့ ငလျှင်ကြောင့် တောင်ငူမြို့မှာ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဝေဠုဝန်ကျောင်းတိုက်ပြိုကျလို့ စစ်ဘေးရှောင် ကလေး ခြောက်ဦး ပိမိသေဆုံးခဲ့တယ်လို့ အရေးပေါ် ကယ်ဆယ်ရေး လုပ်ဆောင်ပေးနေတဲ့ ရွှေမင်းဝံ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ် ။
“ကျွန်တော်တို့ ဝေဠုဝန်မှာ ပူးပေါင်းကူညီနေပါတယ်။ ကလေးတွေချည်း ကျောင်းတိုက်ထဲ များနေရတာက နွေရာသီ သင်တန်း တက်နေချိန်မို့ပါ။ လတ်တလော ကလေး DB ငါးလောင်း၊ ကိုရင်ငယ် တစ်ပါးတွေ့ထားလို့ ခြောက်ဦး သေဆုံးပါ။ ဆယ်နှစ်နဲ့ ဆယ့်နှစ်နှစ် ဝန်းကျင် မူလတန်းအရွယ်တွေပါ”လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
ဒီနေ့ မွန်းလွဲပိုင်း မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ်ခန့်က မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးကို ဗဟိုပြုပြီး လှုပ်ခတ်သွားတဲ့ ပြင်းအား ၇ ဒသမ ၇ ရှိ ငလျင်ကြာင့် စစ်ဘေးရှောင်ကလေးငယ်တွေ ခိုလှုံ နေထိုင်တဲ့ ဝေဠုဝန်ကျောင်းတိုက် ပြိုကျပိတ်မိနေသူတွေကို တောင်ငူမြို့က မီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းတွေ အရေးပေါ် ပူးပေါင်း ကယ်ဆယ်ရေး လုပ်နေကြတယ်လို့ ရပါတယ်။
ငလျင်လှုပ်ခတ်မှုမှာ မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံ၊ လာအို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ပါ ငလျှင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းလည်း ဒေသတွင်းမီဒီယာတွေက ဖော်ပြနေကြပြီး မြန်မာပြည်တွင်းမှာတော့ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ အခြားမြို့ကြီးတွေမှာပါ တံတားပြိုကျခြင်း၊ လမ်းများပျက်စီးခြင်းနဲ့ အဆောက်အဦပြိုကျ ပျက်စီးခြင်းတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။
ဓာတ်ပုံ – တောင်ငူ Save The Trees Rescue Team