၂၀. ၁. ၂၀၂၃
Written by Nyein Kyaw
ဇန်နဝါရီ ၁၉ ရက် ည ၉ နာရီ ၄၀ မိနစ်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ အသုတ်မြို့ အမှတ် (၅) ရက်ကွက်၊ ပုသိမ် – မုံရွာလမ်းဘေးရှိ ဆီဆိုင်တွင် ဆီလှယ်နေစဥ် မီးလောင်ခဲ့၍ လူသေဆုံးမှုရှိခဲ့ပြီး လက်ရှိတွင် သေဆုံးသူဦးရေကို အတိအကျ မသိရှိရသေးကြောင်း နာရေးကူညီမှုအသင်း (ကျုံပျော်)မှ အတွင်းရေးမှူး ဦးကျော်စိုးမိုးက MT News သို့ ပြောသည်။
“အစ်ကိုတင်တဲ့လူနာကတော့ အစ်ကိုတင်ကတည်းက သတိရတယ်။ နည်းနည်းပါးပါး ပြောနိုင်ဆိုနိုင်တယ်။ နောက်ပိုင်းသတင်းကြားတာတော့ လူနာလေးယောက်။ လူမှုကူညီရေးအသင်းတွေက ပိုတယ်။ တစ်ယောက်က ရန်ကုန်ကိုလွှတ်ရမယ်ပြောတယ်။ သေတာတော့ သေသေချာမသိသေးဘူး တစ်ယောက်လို့လည်းကြားတယ် နှစ်ယောက်လို့လည်းကြားတယ်” ဟု ဦးကျော်စိုးမိုးက ပြောကြားသည်။
အဆိုပါဆီဆိုင်အတွင်း ဆီလှယ်နေစဥ် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆီဆိုင်အလုပ်သမား (၄)ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ဆိုင်မန်နေဂျာမှာလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဆီလှယ်ရင်းနဲ့ဖြစ်တယ်လို့တော့ပြောတယ်။ ဆိုင်ပိုင်ရှင်ဖြေနေတာ မန်နေဂျာလည်း ဒဏ်ရာရတယ်။ အခု ထိခိုက်ဒဏ်ရာရတာက ဆီဆိုင်က အလုပ်သမားတွေ။ အနီးကပ်တွေပေါ့။ သူတို့လုပ်နေတဲ့အချိန်မှာ နောက်မှ မီးသတ်တို့ အကူညီပေးရေးအသင်းတွေက သွားတာပါ” ဟု ဦးကျော်စိုးမိုးက ဆိုသည်။
မီးလောင်ခဲ့သည့်နေရာသို့ ပုသိမ်ခရိုင် မီးသတ်စခန်း၊ အသုတ်နယ် မီးသတ်စခန်း၊ ရေကြည်မြို့နယ် မီးသတ်စခန်း၊ သုံးခွနယ် မီးသတ်စခန်း၊ ကျုံပျော်မြို့နယ် မီးသတ်စခန်း၊ ငါးသိုင်းချောင်းမြို့နယ် မီးသတ်စခန်း ကျောင်းကုန်းမြို့နယ် မီးသတ်စခန်းတို့က အုပ်ချုပ်မှုရေယာဥ်၊ မီးငြှိမ်းသတ်ယာဥ်၊ မီးသတ်ရေသယ်ယာဥ် စုစုပေါင်း ၁၂ စီးဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။
ဇန်နဝါရီ ၁၉ ရက် ည ၁၁ နာရီခန့် မီးငြှိမ်းနိုင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့မှ Level 2 အဆင့် သတ်မှတ်ထားကြောင်း အဆိုပါမီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများကိုမူ မီးသတ်တပ်ဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
“မြို့နယ်တော်တော်များများက လာရတယ်။ Level 2 အဆင့် သတ်မှတ်ထားတယ်လို့ သိရတယ်” ဟု ဦးကျော်စိုးမိုးက ဆက်လက်ပြောသည်။